မြောက်ဦး ၂၃ ဧပြီ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် (COVID-19) ကူးစက်မြန်အဆုတ်ရောင် ရောဂါ ကူးဆက်ပြန့်ပွားများ မဖြစ်ပေါ်စေရန်အတွက် Cummunity Based Facility Quarantine များ စောင့်ကြပ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းကော်မတီအဖွဲ့မှ ယမန်နေ့ နံနက် ၈ နာရီ အချိန်မှ စတင်ကာ မြောက်ဉီးမြို့ရှိ ဖျားနာနေသည့် ပြည်သူများအတွက် သီးသန့်ဖျားနာကုသရေး ဆေးခန်း (Fever Clinic)ကို မြို့နယ်ပြည်သူ့ဆေးရုံကြီးရုံးဟောင်းတွင် ဖွင့်လှစ်ပြီး စောင့်ကြည့် ကုသပေးလျှက် ရှိကြောင်း သိရသည်။
အဆိုပါ (COVID-19) ကူးစက်မြန် အဆုတ်ရောင်ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် ကျန်းမာရေးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်သန်းနှင့် တာဝန်ကျ ဆရာဝန်များ ဦးဆောင်ကာ ကျန်းမာရေး ဝန်ထမ်းများမှ မြောက်ဦးမြို့နယ်အတွင်းတွင် နေမကောင်း ဖျားနာနေ သူများကို သီးသန့်ဖျားနာကုသရေးဆေးခန်း (Fever Clinic)တွင် နံနက် ၈ နာရီမှ မွန်းလွဲ ၁၂ နာရီအချိန်အတွင်းတွင် အခမဲ့စမ်းသပ်ကုသပေးလျှက်ရှိကြောင်း သိရသည်။ ယင်းနောက် စောင့်ကြည့် ဝေဒနာရှင်များနှင့် သံသယလူနာများ တွေ့ရှိပါကလည်း ကြိုတင်စီစဉ်ထားရှိသည့် သတ်မှတ် ထားသော Quarantine Center များတွင် Community Based Facility Quarantine ကို (၂၁) ရက်နှင့် Home Quarantine ကို (၇) ရက်ထားရှိရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ Facility Quarantine ထားရှိ မည့်နေရာများသို့ ပို့ဆောင်ပေးရာတွင်လည်း (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် ရန်စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရှိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)


