မြောက်ဦး ဇန်နဝါရီ  ၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ် များအား One Stop Service (OSS) ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် ဆိုင်ကယ်၊ မော်တော်ယဉ် များသက်တမ်းတိုးဆောင်ရွက်ခြင်းကို အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ပြုလုပ်ပေး လျှက်ရှိ ကြောင်း သိရသည်။

အဆိုပါလိုင်စင်မဲ့ဆိုင်ကယ်များအားယာဉ်လိုင်စင်ပြုလုပ်ပေးခြင်း နှင့် (၅) နှစ်အောက် သက်တမ်း တိုးဆောင်ရွက်မည့် မော်တော်ဆိုင်ကယ် နှင့် မော်တော်ယဉ်များအား မြို့တော်ခန်းမ၌ One Stop Service (OSS) ဖြင့် ရခိုင်ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာန မှ ဦးဆောင် ၍ မြန်မာ့အာမခံလုပ်ငန်း၊ အကောက်အခွန်ဦးစီးဌာန ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မြောက်ဦး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြောက်ဦးမြို့နယ်ပြည်တွင်းများအခွန်ဦးစီးဌာန၊ မြန်မာ့စီးပွားရေး တို့ပူးပေါင်း၍ One Stop Service (OSS)  စနစ်ဖြင့် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ  ဇန်နဝါရီလ ၃ ရက်နေ့ မှ ဇန်နဝါရီလ ၇ ရက်နေ့အထိ  မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းပြတ် (၅) နှစ်အောက် မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များအား သက်တမ်းတိုးဆောင်ရွက်ခြင်း ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးဆောင်ရွက်သူများအနေဖြင့် အဆင်ပြေစေရန် ကူညီစီစဉ်ဆောင်ရွက်ပေးလျှက်ရှိသည်။

အဆိုပါမှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးခြင်း၌ ကညန မှ မှတ်ပုံတင်ခ (၃၁၉၀၀) ကျပ်၊ မြန်မာ့အာမခံလုပ်ငန်း အာမခံကြေး (၄၁၅၀) ကျပ်၊ မြို့နယ် စည်ပင်သာယာမှ ဘီးခွန်ကြေး (၃၀၀၀) ကျပ် ၊ ဘဏ်ငွေသွင်းချလန်ကြေး (၅၀၀) ကျပ် နှင့် နိုင်ငံအလိုက်ထုတ်လုပ်သော မော်ဒယ်အမျိုးအစားအလိုက်ပေးသွင်းရမည့် ဒဏ်ကြေးများလည်း အခွန်ပေးသွင်းနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)