မြောက်ဦး   မေ  ၆

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီက တောင်ရပ်ရပ်ကွက် မြို့မဈေး၌ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ၊ ခရီးသွားပြည်သူများကို မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဘင်္ဂလား ပင်လယ်အော်အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားမှုတို့ကို အသိပညာပေးဟောပြောကြပြီး မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်လျှက် ရှိသည့် သတင်းများအား ကြည့်ရှုနားဆင်ကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းအတွက် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းပြီးဆုံးချိန်တွင် ဆောင်ရွက်ရမည့်အချက်များ စသည့် အကြောင်းအရာများ ပါရှိသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)