မြောက်ဦး  ဇူလိုင်  ၉

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို  ဇူလိုင် ၉ ရက် နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်အေး ဦးဆောင်သည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ညောင်ပင်ဈေးလမ်းဆုံ၊ ကျောက်ရာဇ်ကေလမ်းဆုံ၊ ဝသဲရပ်ကွက်ဈေးရှေ့နှင့် နန်းရာကုန်းကားဂိတ်၊  အစရှိသည့် မြို့ပေါ်ရပ်ကွက်မျာနှင့် လူသွား၊ လူလာများသော နေရာများသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရမှု မရှိရေးတို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေအိမ်ပြင်ပသို့ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ကြဉ်ကြရန်စသည့် အကြောင်းအရာပါ လက်ကမ်းစာစောင်များအား အငှားယာဉ်မောင်းသူများ၊ ဈေးသွား/ဈေးပြန်များနှင့်လမ်းသွား၊ လမ်းလာပြည်သူများကို အပြင်ထွက်သည့်အခါတိုင်းတွင် နှာခေါင်းစည်းများ တပ်ဆင် သွားလာကြရန်နှင့် နှာခေါင်းစည်း (Mask) မပါရှိသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

ထို့နောက် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရပ်ကွက်များသို့ လှည့်လည်၍ ပိုးသတ်ဆေးဖျန်းခြင်းများ၊ အသိပညာပေး နှိုးဆော်ခြင်းများ၊ နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းများ၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ခင်မောင်ထွန်း(ပြန်/ဆက်)

mdn