မြောက်ဦး၊ ၇ ဇန်နဝါရီ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ငလျင်ဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ ရေကြီးခြင်းဘေးအန္တရာယ်၊ မြေကမ်းပါးပြိုကျခြင်းနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၉ နာရီက ခရိုင်/မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။
ယင်းသို့ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် မြောက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးစန်းလွင်ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်အင်အား ၂၀ နှင့် အရေးပေါ်ရှာဖွေရေး အထောက်အကူပြုပစ္စည်းများဖြင့် ငလျင်ဒဏ်ကြောင့် ပျက်စီးနေသော အဆောက်အဦများရှိ ဒဏ်ရာရရှိသောလူနာများအား ရှာဖွေကယ်ဆယ်ခြင်း၊ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ကြသည်။ ထို့အတူ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲမှူး ဦးမြင့်အေး ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဒဏ်ရာရလူနာများအား အရေးပေါ် ရှေးဦးသူနာပြုစုနည်းများဖြင့် ဆေးကုသမှုများအား ပြုလုပ်ဆောင်ရွက်ကြပြီး ဒဏ်ရာရလူနာများအား မြောက်ဦးမြို့ ကရုဏာလှိုင်း သွေးလူရှင်များအသင်းမှ အရေးပေါ်လူနာတင်ယာဉ်များဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း (ပြန်/ဆက်)


