မြောက်ဦး  ၃၁  ဇူလိုင်  


ရခိုင်ပြည်နယ် မြောက်ဦးခရိုင်အတွင်းရှိ မိခင်ခလေးကျန်းမာရေးဌာနနှင့် (RHC)ကျေးလက် ကျန်းမာရေးဌာန ၁၀ ခုမှ ကျန်းမာရေး ဝန်ထမ်းများ၏ ပထမ ၆ လပတ် EPI ကာကွယ်ဆေးထိုး လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း မြောက်ဉီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
    

အဆိုပါဆွေးနွေးပွဲကို ကျန်းမာရေးဌာနမှ ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ရင်နှင့် မြို့နယ်ကျန်းမာရေးမှူး HA ဆရာဦးတင်လှိုင် တို့မှ မိခင်ခလေးကျန်းမာရေးဌာနနှင့် ကျေးလက် ကျန်းမာရေးဌာနများမှ ဝန်ထမ်းများကို ကလေးများ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု အားကောင်းစေ ရန်နှင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ၏ ဖြစ်ပွားမှုနှုန်းလျှော့ချရန် အသိပညာ ပေးဆွေးနွေးသည်။ 


ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ခရိုင်တစ်ခုလုံးရှိ ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များတွင် ဖြစ်ပွားတတ်သော ရောဂါ ၆ မျိုးအတွက် ထိုးပေးရသော EPI ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကြုံတွေ့ရသည့် အခက်အခဲများကို အပြန်အလှန်တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်ဆရာဝန်ကြီး၊ မြို့နယ်ကျန်းမာရေးမှူး၊ မိခင်ခလေးကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာန ၁၀ ခုမှ ကျန်းမာရေးဝန်ထမ်းများ တက်ရောက် ကြောင်း သိရှိရသည်။
                                                                                           

MDN