မြောက်ဦး ၂၇ ဇွန်

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ရေလမ်းခရီးသွား ပြည်သူများအား ဘေးအန္တရာယ်မှ ကင်းဝေးစေရေး အသက်ကယ် ဝတ်စုံ  ဝတ်ဆင်နည်းများ လက်တွေ့ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက အောင်တပ်ရပ်ကွက်ရှိ ဘားဘူတောင် မော်တော်ဘုတ် ဆိပ်ကမ်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင်နှင့် တပ်ဖွဲ့ဝင်များက ရေလမ်းခရီးဖြင့် သွားလာနေရသော ခရီးသွားပြည်သူများ မိုးရာသီကာလတွင် ရာသီဉတု ဖောက်ပြန်မှုများကြောင့်သော်လည်းကောင်း၊ မုန်တိုင်းအန္တရာယ်များ ကျရောက်၍သော်လည်းကောင်း၊ စက်ချို့ယွင်းမှုကြောင့်သော်လည်းကောင်း၊ လတ်တလော ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်လာပါက အသက်ဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အသက်ကယ်ဝတ်စုံ (Life Jacket) ဝတ်ဆင်နည်းများကို လက်တွေ့ပြသပေးခဲ့သည်။

 

ယင်းနောက် စက်တပ်၊ စက်မဲ့ရေယာဉ် ပိုင်ရှင်များအား ရေယာဉ်ပေါ်၌ အသက်ကယ်ဘောကွင်းများ လုံလောက်စွာ ထားရှိစေရေးနှင့် ရေယာဉ်မောင်းနှင်နေစဉ် အသက်ကယ်ဝတ်စုံများ ဝတ်ဆင်ပြီးမှ မောင်းနှင်စေရေးတို့အား အသိပညာပေး ဟောပြောပြီး အဆိုပါယာဉ်များပေါ်၌ အသက်ကယ်ဝတ်စုံများ လုံလောက်စွာ ရှိမရှိတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

 

တင်ထွန်းဦး(ပြန်/ဆက်)