မြောက်ဦး ၁၇ မေ
မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြောက်ဦးမြို့နယ် ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ယမန်နေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များနှင့် တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ကာ အဘိတ်ဆေးများခပ် ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားအင်စပက်တော် ဦးကျော်ဆန်းလင်းဦးဆောင်ကာ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ အရန်သားဖွားဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့များပူးပေါင်းပြီး မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်း နေထိုင်လျက်ရှိသော ပြည်သူများ၏ နေအိမ်များသို့သွားရောက်ကာ ဘုရားညောင်ရေပန်းအိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း၊ ခြင်ခိုအောင်းပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များ ထဲသို့ အဘိတ်ဆေးများခပ်ပေးခြင်းကို ပြုလုပ်ခဲ့ပြီး အဆိုပါ ရပ်ကွက်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သော ဒိုင်းကျီဘုန်းတော်ကြီးကျောင်း(ဟောင်း)/(ကျောင်းသစ်)တို့ တွင် နေထိုင်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သွေးလွန်တုပ်ကွေး ရောဂါအသိပညာပေး အဓိကသတင်းစကား(၈)ချက် အား စခန်းနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက်လည်း အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခြင်းနှင့် အဘိတ်ဆေးများခပ်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)