နေပြည်တော် ၂၉ မတ်
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက် တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင် AA အဖွဲ့မှ ၁၀ ဦးခန့်က အောက်သကန်ကျေးရွာထိပ်၌ မိုင်းဖောက်ခွဲ၍ ရွာအတွင်းမှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် အောက်သကန် ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၇၀ဝ ခန့် တိမ်ညိုတံတားနေရာသို့ ရောက်ရှိစဉ် ကျေးရွာ၏ မြောက်ဘက် မီတာ ၈၀ဝ ခန့် အကွာနေရာ၌ အသင့်စောင့်ကြိုလျက်ရှိသည့် AA အဖွဲ့မှ ၁၀ ဦးခန့်က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားကာ ၎င်းတို့သည် တောင်ဘက်ရှိ အောက်သကန် ကျေးရွာအတွင်းသို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း။
ဆုတ်ခွာသူများနောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက်လံ ဖမ်းဆီးရာ AA အဖွဲ့မှ ၁၀ ဦးခန့်က ကျေးရွာကို အကာအကွယ်ရယူ၍ ရီမုမိုင်း ၂ လုံး ဖောက်ခွဲကာ ကျေးရွာအတွင်းမှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အရှေ့ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း။
ပစ်ခတ်မှုများကြောင့် အောက်သကန်ကျေးရွာနေ ဦးဝင်းကျော်သိန်း(၃၃နှစ်) ယာရင်အုံ လက်နက်အစမှန် မစိုးရိမ်ရဒဏ်ရာနှင့် ဦးလှအောင်တင် (၃၇နှစ်)ပြေးလွှားစဉ် ချော်လဲသဖြင့် မစိုးရိမ်ရဦးခေါင်းထိခိုက် ဒဏ်ရာများရရှိခဲ့ကြသဖြင့် တပ်မတော်လုံခြုံရေး စစ်ကြောင်းများက လိုအပ်သည့် ကနဦး ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့ပြီး တိမ်ညိုတိုက်နယ်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း လုံခြုံရေးစိစစ်မှုများပြုလုပ်ခဲ့ရာ အမာခံ သတင်းပေးဟု ယူဆရသည့် မသင်္ကာဖွယ် ဦးကိုနိုင်၊ ဦးလှသိန်းမောင်၊ ဦးစိန်ထွန်း၊ ဦးဘထွန်းနှင့် ဦးမောင်ဖြူရှည်တို့ ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အနက် ဆေးဆရာဆိုသူ ဦးမောင်ဖြူရှည်၏ နေအိမ်မှ Hydrocortisone အသက်ကယ်ဆေး၊ Genta ပိုးသတ်ဆေး၊ Diclofenac Sodium ဆေးများ၊ ဆေးထိုးအပ်များနှင့် ဆေးခန်းသုံး ပစ္စည်းများ ပါဝင်သော ဆေးအိတ် ၁ လုံးနှင့် ခေါက်ဆွဲခြောက် ၁၀ ဖာတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းတို့ ၅ ဦးအား မြောက်ဦးမြို့နယ်၊ တိမ်ညိုနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း၍ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း ။
AA အဖွဲ့အနေဖြင့် အစိုးရအုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်ဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေရဲတပ်ဖွဲ့စခန်းမှူးများကို သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများအား ကျေးရွာများကို အကာအကွယ်ရယူ၍ မိုင်းဆွဲတိုက် ခိုက်ခြင်းများ မကြာခဏ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း။
AA အဖွဲ့၏ လုပ်ရပ်များကို ဆန့်ကျင်လျက်ရှိသည့် ရခိုင်တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း မလိုလားအပ်သော ပျက်စီးဆုံးရှုံးမှုများ မရှိစေရေးအတွက် AA အဖွဲ့များ ကျေးရွာလူထုအတွင်း အခြေချရောနှော၍ နေထိုင်ခြင်းအား ဆက်လက် ဆန့်ကျင်ရေး၊ နီးစပ်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များသို့ အချိန်နှင့် တစ်ပြေးညီ ဆက်လက်သတင်းပို့ကြရေး သက်ဆိုင်ရာမှ နှိုးဆော်မေတ္တာရပ်ခံ ထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိသည်။
(သတင်းစဉ်)


