မြောက်ဦး ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဇူလိုင်၂၅ ရက်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ တာဝန်ရှိသူများက အဆိုပါကျေးရွာသို့သွားရောက်၍ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူ ဦးဆောင်သည့်ဝန်ထမ်းများက ၎င်းကျေးရွာနေပြည်သူများ၏ လမ်းခရီးသွားလာ ရေးလွယ်ကူစေရန် ရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းများနှင့် သန့်ရှင်းသောသောက်သုံးရေများရရှိစေ ရန် ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ အစရှိသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်းကြည့်ရှုခဲ့ခြင်းဖြစ်သည်။
အဆိုပါဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက် (mini butget year) ပြည်နယ်ရန်ပုံငွေမှ စတင်လျာထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
လက္ကာကျေးရွာတွင် အိမ်ခြေ ၃၂၂ အိမ်ရှိပြီး လူဦးရေ ၁၅၉၀ ဦးနေထိုင်လျှက်ရှိကာ ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ပြီးစီးသွားမည်ဆိုပါက ၎င်းကျေးရွာနေပြည် သူများမှာ လမ်းခရီးများသွားလာရာတွင်လွယ်ကူမြန်ဆန်လာမည်ဖြစ်ပြီး သန့်ရှင်းသော သောက် သုံးရေများရရှိလာမည်ဖြစ်၍ ၎င်းတို့မိသားစုဝင်များ၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများမှာ လည်း ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။
တင်ဝင်း


