မြောက်ဦး နိုဝင်ဘာ ၉

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်း ဆက်လက်ဆောင်ရွက်မည့် လက္ကာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေများကို နိုဝင်ဘာလ ပထမအပတ်က မြို့နယ်ကော်မတီဝင်များမှ ကြီးကြပ်၍ ကျေးရွာ ကော်မတီများမှတစ်ဆင့် အသင်းဝင်ပြည်သူများထံသို့ အဆိုပါချေးငွေများအား ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ထုတ်ချေးပေးရာတွင် စီမံကိန်းကျေးရွာဖြစ်သည့် လက္ကာကျေးရွာမှ ရေလုပ်ငန်းလုပ်ကိုင်သူ ၃ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၉၅ ဦး၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၄ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၃၄ ဦးတို့ကို ဆဌမအကြိမ်မြောက် ချေးငွေ ကျပ်သိန်း ၄၀၀ အား ပြန်လည်၍ ထုတ်ချေးပေးခြင်းဖြစ်သည်။

 

အဆိုပါချေးငွေများကို ကျေးရွာမြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီမှ အတိုးအရင်း ချေးငွေများအား ပြန်လည်ပေးဆပ်ခြင်း၊ ပြန်လည်ထုတ်ပေးခြင်းများ ပြုလုပ်နိုင်ရန်အတွက် ချေးငွေလျှောက်လွှာ၊ အတည်ပြုလွှာနှင့် ချေးငွေစာချုပ်များပြုလုပ်၍ မြို့နယ်မြစိမ်းရောင် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီထံသို့ တင်ပြပြီး  မြို့နယ်ကော်မတီဝင်များမှ စနစ်တကျစိစစ်ကာ အရင်းပြန်လည်ပေးဆပ်ခြင်း၊ အတိုးအရင်းရငွေများအား ထုတ်ချေးခြင်းကို ကျေးရွာကော်မတီများမှတစ်ဆင့် အသင်းဝင်များထံသို ပြန်လည်ထုတ်ချေးခြင်းဖြစ်ကြောင်း၊ ယခုလိုထုတ်ချေးပေးခြင်းသည် ပြန်လည်ပြုပြင်ထားသည့် မြစိမ်းရောင်စီမံကိန်း လက်စွဲစာစောင်ပါ ညွှန်ကြားချက်နှင့်အညီ ပြန်လည်ထုတ်ချေးပေးခဲ့ပါကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူထံမှ သိရှိရသည်။

 

တင်ဝင်း(ပြန်/ဆက်)