မြောက်ဦး၊ ၃၀ မေ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးလက်နေပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူ ချောမွေ့စေရန်အတွက် အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာ (၁၅) ရွာ၌ ဆိပ်ခံတံတား (၁၅) စင်းအား တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ပုဇွန်ဖေကျေးရွာ၊ ဉက္ကန်ကျေးရွာ၊ ချရားကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ကန်ဇောက်ကျေးရွာ၊ ဆားသည်မကျေးရွာ၊ သူငယ်တော် ကျေးရွာ၊ အောက်စည်မောင်းကျေးရွာ အစရှိသည့် ကျေးရွာ (၁၅) ရွာတွင် အလျား ပေ ၃၀၊ အနံ ၈ ပေရှိ ဆိပ်ခံတံတား ၁၅ စင်းကို တင်ဒါအောင် ကုမ္ပဏီဖြစ်သည့် ဝင်းအောင်လံ ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူဆောင်ခြင်းဖြစ်ကာ တံတားအားလုံးပြီးစီးမှုမှာ ၇၀ ရာခိုင်းနှုန်း ပြီးစီးနေပြီဖြစ်သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ပြည်သူများအနေဖြင့် မိုးရာသီတွင် လမ်းခရီးများ သွားလာရာ၌ အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ကာ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရှိရသည်။
တင်ဝင်း





