မြောက်ဦး အောက်တိုဘာ ၂၃

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေပေးဝေရေးလုပ်ငန်း ၅၃ ခု ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သည်။

 

မြောက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု/ ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၁၁၈၃ ဒသမ ၁၇၆ သန်းဖြင့်  အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျေးလက်နေပြည်သူများအား နွေရာသီတွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရန်နှင့် သန့်ရှင်းသော သောက်သုံးရေများ ဖူလှုံစွာရရှိစေရန်အတွက် ဆောင်ရွက်လျက်ရှိသည့် ရေပေးဝေရေးလုပ်ငန်း ၅၃ အပြင် ကျေးလက် ကုန်ထုတ်တံတားတစ်စင်းနှင့် ဆိပ်ခံတံတား ၁၅ စင်း တည်ဆောက်ခြင်း၊ စုစုပေါင်းလုပ်ငန်း ၆၉ ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့လုပ်ငန်းများဆောင်ရွက်မှုအား တင်ဒါအောင်ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်ထားခြင်းဖြစ်ကာ လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအား ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့တို့မှ သတ်မှတ်စံချိန်စံညွှန်းများ၊ အရည်အသွေးပြည့်မီမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

တင်ဝင်း