မြောက်ဦး ၁၄ အောင်တိုဘာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း (သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့) က ရှေးဟောင်းသမိုင်းဝင် အထင်ကရ နေရာတစ်ခုဖြစ်သော ရန်အောင်ဇေယျ သျှစ်သောင်းဘုရားသို့ အနယ်နယ်အရပ်ရပ်မှ ကားကြီ၊ ကားငယ်၊ ဆိုင်ကယ်များဖြင့် လာရောက်ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် မြို့ပေါ်ရှိ ပြည်သူများက ရှေးဟောင်း သမိုင်းဝင် ဘုရားများဖြစ်သည့် သျှစ်သောင်းပုထိုးတော်သို့ လာရောက်ဖူးမြော်ခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပြီး ဘုရားအတွင်းရှိ အနုပညာ ကျောက်ဆစ်လက်ရာများကို လေ့လာကြသည်။
ထို့ပြင် ထုက္ကန်သိမ် ပုထိုးတော်အတွင်းရှိ ရခိုင်တို့၏ ရိုးရာဝတ်စား ဆင်ယင်မှုဖြစ်သည့် ဘောင်းတော်၊ ဆံထုံးတော် ဆင်ယင်ထုံးဖွဲ့ပုံ အဆင့်ဆင့် စသည့် ကျောက်ဆစ်အနုပညာ ဗိသုကာ လက်ရာများ၊ အံတော်သိမ်နှင့် ဘုရားပုထိုးစေတီများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဗိသုကာ လက်ရာများအား ဝင်ရောက်လေ့လာကြည့်ရှုကြကာ အမှတ်တရ ဓာတ်ပုံရိုက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)


