မြောက်ဦး အောက်တိုဘာ ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များမှ တိုက်ပွဲရှောင် စခန်းများသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ ကူညီပံ့ပိုးမှုဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် မိုင်းအန္တရာယ်အကြောင်း သိကောင်းစရာများအား သွားရောက်ရှင်းလင်း ဟောပြောခဲ့သည်။
အသိပညာပေးဟောပြောရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး ဒေါ်လှလှဝင်းက မြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၌ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင် စခန်းများဖြစ်သည့် သျှစ်သောင်းဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင်စခန်း၊ နရတ်စားဘုရားသိမ် တိုက်ပွဲရှောင်စခန်း၊ ကိုးနဝင်းဘုရားသိမ် တိုက်ပွဲရှောင်စခန်းနှင့် လက်ကောက်ဈေး ဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး လာရောက်ခိုလှုံနေကြသော ကျေးရွာအသီးသီးမှ တိုက်ပွဲရှောင် ပြည်သူများအား မြေမြုပ်မိုင်းအန္တရာယ် သိကောင်းစရာအချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)


