မြောက်ဦး ဇူလိုင် ၁၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အသိပညာပေးကာလ ပြီးဆုံး၍ ပြည်သူများအနေဖြင့် Mask တပ်ဆင်သွားလာမှု မရှိသူများအား ဒဏ်ရိုက်အရေးယူ ဆောင်ရွက်ခြင်းကို ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီက ကုန်သည်တန်းလမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမိုးကျော်သူ ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးပူးပေါင်းကာ မြို့မဈေးကြီး၊ ပြည်သူများ ဖြတ်သန်းသွားလာလျက်ရှိသော လမ်းဆုံ၊ လမ်းမများ၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်မှုမရှိသူ (၅၀) အား ပထမအကြိမ် ဒဏ်ကြေးငွေကျပ် (၅၀၀) ပေးဆောင်စေခြင်း၊ Mask တပ်ဆင်စေပြီးထပ်မံ၍ အပိုတစ်ခုစီပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ပြင်ပသို့သွားလာလျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်မှုမရှိသူများအား ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဉပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)


