မောင်သာ (ရှေးဟောင်းသုတေသန)
မြန်မာနိုင်ငံ၏ များပြားလှသော ယဉ်ကျေးမှုအမွေအနှစ်များအနက် ပုဂံဒေသကို ယူနက်စကိုအဖွဲ့က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်တွင် သတ်မှတ်ခဲ့သဖြင့် မြန်မာနိုင်ငံသားများအားလုံး များစွာဂုဏ်ယူ ဝမ်းမြောက်ခဲ့ကြရသည်။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ဒေသများဖြစ်သည့် ပျူမြို့ဟောင်းသုံးမြို့ (သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်း) သည် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခဲ့သဖြင့် မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နှစ်ခုရှိခဲ့ပြီဖြစ်သည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်ရှိ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်လျက်ရှိသည်။ ရခိုင်ဒေသတွင် ထွန်းကားခဲ့သည့် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးခေတ်တို့တွင် မြောက်ဦးမင်းဆက်များသည် ခရစ်နှစ် ၁၄၃၀ ပြည့်နှစ်မှ ၁၇၈၄ ခုနှစ်အထိ အုပ်ချုပ်ခဲ့ကြသည်။ မင်းစောမွန် တည်ထောင်ခဲ့သည့် မြောက်ဦးသည် မင်းဗာကြီး လက်ထက်တွင် ထွန်းကားတိုးတက်မှု အမြင့်ဆုံး ဖြစ်ခဲ့ကာ ယဉ်ကျေးမှုအမွေအနှစ်များစွာ ကျန်ရှိခဲ့သည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် မြောက်ဦးဒေသ၌ စေတီ၊ ပုထိုး၊ ဘုရား၊ ပိဋကတ်တိုက်၊ သိမ် အစရှိသည့် ရှေးဟောင်းအဆောက်အအုံ ၁၁၈၉ ခုခန့်ကို စာရင်းကောက်ယူနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်အထိ ရှေးဟောင်းအဆောက်အအုံ ၁၇၀ ကို စောင့်ရှောက်ထိန်းသိမ်း ပြုပြင်ထားခဲ့ပြီးဖြစ်သည်။
မြောက်ဦးခရိုင်
မြောက်ဦးမြို့နယ်သည် မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်၏ အရှေ့ဘက်၊ မင်းပြားမြို့နယ်၏ အနောက်ဘက်၊ ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့၏ တောင်ဘက်၊ ပေါက်တောမြို့နယ်၏ မြောက်ဘက်တွင် တည်ရှိသည်။ မြို့နယ်တစ်ခုလုံးသည် ၄၉၀ ဒသမ ၉၇ စတုရန်း မိုင်ကျယ်ဝန်းလျက် မြောက်ဦးမြို့၏ ဧရိယာသည် ၇ ဒသမ ၇၂ စတုရန်းမိုင်ဖြစ်သည်။
မြောက်ဦးမြို့ နယ်ကို မြို့တစ်မြို့၊ ရပ်ကွက်ခုနစ်ရပ်ကွက်၊ ကျေးရွာအုပ်စု ၉၅ အုပ်စု၊ ကျေးရွာ ၂၄၈ ရွာတို့ဖြင့် ဖွဲ့ စည်းကာ မြို့နယ် လူဦးရေ ၂၃၂၄၃၄ ဦးအနက် ၂၀၄၈၉၄ ဦးသည် ရခိုင် တိုင်းရင်းသားများ ဖြစ်ကြသည်။
မြောက်ဦးမြို့သည် မော်တော်ကားလမ်းအတိုင်း ရန်ကုန်မြို့ မှ ၈၆၃ ကီလိုမီတာ (မိုင်၅၄၀)နှင့် စစ်တွေမြို့ မှ ၁၄၂ ကီလိုမီတာ (၈၉ မိုင်) ကွာဝေးကာ ရန်ကုန်မြို့မှ မြောက်ဦးမြို့သို့ စစ်တွေမြို့မှတစ်ဆင့် ကုန်းလမ်းခရီး သို့မဟုတ် ရေလမ်းခရီးဖြင့် သွားရောက်နိုင်ကြသည်။ ကစ္ဆပနဒီခေါ် ကုလားတန်မြစ်နှင့် အဉ္စနနဒီ ခေါ် လေးမြို့ မြစ်တို့ဆုံရာ အနီးတွင် တည်ရှိပြီး မြစ်ချောင်းများရစ်ဝိုင်းနေသည့် မြောက်ဦးမြို့သည် ကုလားတန်မြစ်မှ အရှေ့ဘက်သို့ ၆ ဒသမ ၈ မိုင် ကွာဝေးကာ မြို့၏ မြောက်ဘက်နှင့် တောင်ဘက်သည် တောင်တန်းများဖြင့် ဝိုင်းရံလျက်ရှိသည်။
ရခိုင်ဘုရင်များ နန်းစိုက်ခဲ့သည့် မြောက်ဦးမြို့ကို ရခိုင်မင်းဆက်များ ပျက်သုဉ်းပြီးနောက် မြို့ဟောင်းဟု ခေါ်ဆိုခဲ့သည်။ သို့သော် ပြည်ထဲရေးဝန်ကြီးဌာနသည် ၁၉၇၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် မြို့ဟောင်းကို မူလအမည် မြောက်ဦးဟု ပြန်လည်ပြောင်းခဲ့ကာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် ခရိုင်မြို့အဖြစ်သတ်မှတ်၍ မြောက်ဦးခရိုင်ကို မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် မြေပုံမြို့နယ်များဖြင့် ဖွဲ့စည်းခဲ့သည်။
သမိုင်းထဲမှ မြောက်ဦး
မြောက်ဦးဟု အမည်တွင်ခြင်းအပေါ် ယူဆချက်နှစ်မျိုး ရှိခဲ့သည်။ လေးမြို့ခေတ် ကုန်ဆုံးချိန်တွင် မင်းစောမွန်သည် မြို့သစ်ရှာဖွေရန် ထွက်ခွာခဲ့စဉ် ငါးရှာနေကြသည့် သမီးယောက်မနှစ်ယောက်၏ မြောက်ဦး၊ ဝသဲ ဟု အပြန်အလှန်ခေါ်ကြပုံကိုကြား၍ အသံနိမိတ်ယူကာ မြောက်ဦးဟု ခေါ်တွင်ခဲ့သည်ဟု ယူဆကြသကဲ့သို့ မြောက်ဦးနန်းတော်ရာနေရာတွင် တောင်ညို တောင်နှင့် ကုက္ကားတောင်တို့ကို ဖြိုချခဲ့စဉ် ဥဒေါင်းဥအား မျောက်ကစောင့်နေသည်ကို တွေ့ရှိရသဖြင့် မျောက်ဥဟု ခေါ်တွင်ရာမှ မြောက်ဦးဟု ပြောင်းလဲခဲ့သည်ဟု ယူဆမှုများ လည်းရှိသည်။
မြောက်ဦးမြို့ကို မင်းစောမွန်က မြန်မာသက္ကရာဇ် ၇၉၂ ခုနှစ် တော်သလင်းလဆန်း ၁ ရက် (ခရစ်နှစ် ၁၄၃၀ ပြည့်နှစ်၊ သြဂုတ်လ ၁၉ ရက်) တွင် တည်ထောင်ခဲ့သည်။ မင်းစောမွန် မရှိတော့ချိန်တွင် ညီတော်နရနုမင်းနှင့် သားတော်ဘစောဖြူမင်းတို့က မြောက်ဦးကို ဆက်လက်တိုးချဲ့ခဲ့ကြသည်။ မင်းစောမွန် လက်ထက်က တည်ဆောက်ခဲ့သည့် အုတ်နန်းတော်ကို မင်းဗာ ကြီးလက်ထက်တွင် ကျောက်များဖြင့် တိုးချဲ့တည်ဆောက်ခဲ့သဖြင့် “စောမွန်ပြုပြင်၊ မင်းဗာတည်ကေ၊ ရွှေမြောက်ဦး” ဟု အဆိုရှိခဲ့သည်။
ရခိုင်သမိုင်းတွင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးဟူသည့် ခေတ်လေးခေတ်နှင့် ရခိုင်ဒေသတွင် နတ်မြစ်၊ မယူမြစ်၊ ကုလားတန်နှင့် လေးမြို့ မြစ်ဟူသည့် မြစ်လေးစင်းရှိခဲ့သည်။ ပထမမြောက်ဦးခေတ် (ခရစ်နှစ် ၁၄၃၀-၁၅၃၁) တွင် မင်းဆက် ၁၂ ဆက်၊ ဒုတိယမြောက်ဦးခေတ် (ခရစ်နှစ် ၁၅၃၁-၁၆၃၈)တွင် မင်းဆက် ကိုးဆက်၊ တတိယ မြောက်ဦးခေတ် (ခရစ်နှစ် ၁၆၃၈-၁၇၈၄) တွင် မင်းဆက် ၂၈ ဆက် စိုးစံခဲ့ကြရာ မြောက်ဦးခေတ် ၃၅၄ နှစ်အတွင်း ဘုရင် ၄၉ ပါး နန်းစံခဲ့သည်။ သက်တမ်း ၁၀၇ နှစ် ရှည်ကြာခဲ့သော ဒုတိယမြောက်ဦးခေတ်သည် အတိုးတက်ဆုံးဖြစ်ခဲ့ပြီး တတိယ မြောက်ဦးခေတ်တွင် ဒင်္ဂါးများသွန်းလုပ်သုံးစွဲခဲ့၍ ကုန်သွယ်ရေး လုပ်ငန်းများ တိုးတက်ခဲ့သည်။ မြောက်ဦးဒေသသည် စစ်ဘေးကျရောက်မှု နည်းပါးကာ စီးပွားရေး ကောင်းမွန်ခဲ့သဖြင့် ခရစ် နှစ် ၁၆၀ဝ ပြည့်နှစ်မှ ၁၆၃၀ ပြည့်နှစ်အတွင်း ရွှေရောင်လွှမ်းသော အချိန် ဖြစ်ခဲ့သည်။
မြောက်ဦးခေတ်များတွင် မြောက်ဦးဘုရင်များ တည်ဆောက်ခဲ့ကြသည့် စေတီပုထိုးအရေအတွက်ကို “သဇင်ပန်းခိုင်၊ တမြိုင်မြိုင်၊ ရခိုင်ဘုရားပေါင်း” ဟု မှတ်သားခဲ့ကြသည်။ မြောက်ဦးယဉ်ကျေးမှု နယ်မြေတွင် ရှေးဟောင်းစေတီပုထိုးများ ဖြစ်ကြသည့် သျှစ်သောင်းပုထိုးတော်၊ ကိုးသောင်းပုထိုးတော်၊ ထုက္ကံသိမ်ပုထိုးတော်၊ အံတော်သိမ်ပုထိုးတော် စသည်တို့သည် အထူးထင်ရှားကာ နန်းတော်ရာနှင့် တံတိုင်းဟောင်းများကိုလည်း ယနေ့တိုင် မြင်တွေ့နိုင်ကြပေသည်။
နှစ်စဉ်မိုးတွင်းကာလတွင် ပျမ်းမျှမိုးရေချိန် ၄၇ လက်မ အထိ ရွာသွန်းလေ့ရှိသည့် မြောက်ဦးဒေသရှိ စေတီပုထိုးများကို ကျောက်သားများဖြင့် တည်ဆောက်ခဲ့သဖြင့် အုတ်အဆောက်အအုံများထက် ကြံ့ခိုင်မှု ပိုမိုမြင့်မားခဲ့သည်။ ကျောက်သား အဆောက်အအုံများသည် ရာသီဥတုဒဏ်ကို ခံရသော်လည်း ကာလရှည်ကြာစွာ တည်တံ့ခဲ့သည်။
ခမည်းတော်နှင့် သျှစ်သောင်းပုထိုး
သျှစ်သောင်းပုထိုးတော်ကြီးသည် မြောက်ဦးမြို့၏မြောက်ဘက်တစ်မိုင်အကွာရှိ ဖိုးခေါင်တောင်ခြေ၊ ရခိုင်ရိုးမတောင်တန်း၏ အနောက်တောင်ဘက်တွင်ရှိသည်။
သျှစ်သောင်းပုထိုးတော်ကြီးခေါ် ရန်အောင်ဇေယျပုထိုးတော်ကြီးသည် မြောက်ဦးဒေသတွင် ခရစ်နှစ် ၁၅၃၅ ခုနှစ်က မင်းဗာကြီး(ခရစ်နှစ် ၁၅၃၁-၁၅၅၃) ပထမဆုံး တည်ခဲ့သည့် အကြီးဆုံး သုံးဘက်ပိတ် အဆောက်အအုံဖြစ်သည်။ သျှစ်သောင်းပုထိုးတွင် အရှေ့မုခ်တစ်ခုသာရှိ၍ အနောက်ဘက်၊ တောင်ဘက်နှင့်မြောက်ဘက်ကို မဟာရံတံတိုင်းဖြင့် ပိတ်ထားခဲ့သည်။
ပုထိုးတော်ကြီးကို ဝင်္ကပါတစ်ခုသဖွယ် တည်ဆောက်ခဲ့သဖြင့် ခံတပ်အဖြစ် အသုံးပြုဖွယ်ရှိကြောင်း ယူဆမှုများရှိခဲ့ကာ ဟိန္ဒူဘာသာဆိုင်ရာ ဗိသုကာအနုပညာလက်ရာများကို တွေ့ရှိနိုင်သည်။
ပုထိုးတော်ကြီးတွင် ဘုရားရှင်၏ ဓာတ်တော် ၈၄၀ဝဝ နှင့် နောင်ပွင့်တော်မူမည့် ဘုရား ၈၄၀ဝဝ ရုပ်တုများ ဌာပနာထားသဖြင့် သျှစ်သောင်းပုထိုးတော်ကြီးဟု အမည်တွင်ခဲ့သည်။ အင်္ဂါ ၁၂ မြို့နှင့် ပေါ်တူဂီရေတပ်ကို အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် တည်ထောင်သောကြောင့် ရန်အောင်ဇေယျ ပုထိုးတော်ကြီးဟုလည်း ခေါ်တွင်ကြောင်း မြောက်ဦးဒေသရှိ ရှေးဟောင်းအဆောက်အအုံများ မှတ်တမ်း စာအုပ်တွင် ဖော်ပြထားသည်။
သျှစ်သောင်းပုထိုး၏ အောက်ခံလိုဏ်များပေါ်တွင် ကြီးမားသော ခေါင်းလောင်းပုံ ပင်မစေတီကြီးတစ်ဆူနှင့် အရံစေတီ ၂၆ ဆူကို တည်ထားသည်။ စေတီများအားလုံးကို ဝေသာလီခေတ် စေတီလုံးများဟန်၊ ဓာတ်လုံးစေတီများအဖြစ် တည်ဆောက်ခဲ့သည်။ ပုထိုးတော်ကြီးကို ကြီးမားသော သဲကျောက်တုံးများဖြင့် သပ်စီပေါင်းမိုးများ ပြုလုပ်လျက် ဝင်္ကဘာလိုဏ်ငါးထပ် ဆောက်လုပ်ခဲ့ကာ ဓာတ်တော်တိုက်သည် ကုဗပုံသဏ္ဌာန်ဖြစ်သည်။ ပုထိုး၏အပြင်နံရံအတွင်း၌ သက်ရှိထင်ရှားအရွယ် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ၂၈ ဆူကို မုခ်ကပ် ၂၈ ခုတွင် ကျောချင်းကပ်လျက် ပူဇော်ထားသည်။
လိုဏ်ဂူနံရံ မဏ္ဍိုင်ငါးရပ်တွင် ဘုရားလောင်းဘဝဖြစ်တော်စဉ်များ၊ ဇာတ်နိပါတ်များနှင့် ရခိုင်ရာဇဝင်များမှ ဇာတ်ရုပ်များ၊ လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်း၊ ကျေးငှက်တိရစ္ဆာန်ရုပ်များကို ထုလုပ်ထားသည်။ တီးမှုတ်ကခုန်နေသည့်လူများ၊ ဆင်ဖမ်းနေပုံများ၊ ရခိုင်ရိုးရာကျင်ကစားနေပုံ ရုပ်လုံးရုပ်ကြွများအပြင် ဆံပင်ကို ရေညှစ်နေသည့် မြေစောင့်နတ်သမီး ဝသုန္ဒြေ ကျောက်ဆစ်ရုပ်ကို တွေ့ရှိနိုင်သည်။ အနောက်ဘက်၊ တောင် ဘက်နှင့် မြောက်ဘက်မျက်နှာများတွင်ရှိသည့် အရံစေတီ များအကြားတွင် ကျောက်ချပ်ကြီးများဖြင့် ရုပ်လုံး၊ ရုပ်ကြွများကို တန်ဆာဆင်၍ ပုထိုးတော်ကြီး၏ အပေါ်ဆုံးတွင် ဗြဟ္မာနတ်ရုပ်များကို စိုက်ထူထားသည်။
ပုထိုးတော်ကြီး၏ ထောင့်အသီးသီးရှိ ရုပ်တုများအားလုံးသည် သရဖူများဆောင်းထားပြီး ရခိုင်တော်ဝင်မိသားစုများ ဝတ်ဆင်လေ့ရှိသည့် ဝတ်ရုံတိုများကိုဝတ်ကာ အဆင်တန်ဆာများ ဆင်ယင်ထားသည်။ အရှေ့တောင်ဘက်ထောင့်တွင်ရှိသည့် မဟာပိန္နဲရုပ်တွင် မတ်တတ်ရပ်နေသူကို မင်းဗာကြီး ရုပ်တုဟု ယူဆကြသည်။ (ပုထိုးတော်ကြီး၏ ထောင့်လေးခုတွင် ရုပ်တုများကိုလည်း မင်းဗာကြီးရုပ်တုများဟု ယူဆကြသည်။) မင်းဗာကြီး ရုပ်တုများသည် မိမိကိုယ်မိမိ စကြာဝတေးမင်းဟု ယူဆချက်အားဖော်ညွှန်းသည့် အမှတ်အသားအဖြစ် လက်ခြောက်ဘက်တွင် ဝရဇိန်အပါအဝင် လက်နက်များကို ကိုင်ဆောင်ထားသည်။ ထိုရုပ်တု၏ တစ်ဖက်တစ်ချက်စီ၌ ကြာခံခွက်များတွင် အမျိုးသမီးနှစ်ဦးစီ ရပ်နေကြသည်။ ယင်းတို့သည် မင်းဗာကြီး၏ မိဖုရားများဖြစ်ဖွယ်ရှိကာ နှစ်ဦးက အိန္ဒိယအမျိုးသမီးဝတ်ရုံ ဆာရီများ ဝတ်ထားပြီး ကျန်နှစ်ဦးက ရခိုင်ဝတ်စုံများ ဝတ်ဆင်ထားသည်။ ပုထိုးတော်ကြီး၏ တောင်ဘက် စောင်းတန်းလှေကား လက်ဝဲဘက်တွင် စိုက်ထူထားသည့် အာနန္ဒစန္ဒြ ကျောက်စာတွင် အေဒီ ၄ ရာစုမှ ၁၀ ရာစုအတွင်း နန်းတက်ခဲ့သည့် မင်းများ နန်းတက်ပုံ၊ အုပ်ချုပ်ပုံ၊ အလှူဒါနပြုပုံများကို သက္ကတဘာသာဖြင့် ရေးထိုးခဲ့သည်။ ကျောက်စာတိုင်၏ မြောက်ဘက်တွင် ခရုသင်းပုံနှင့် ဓမ္မစကြာအဝိုင်းပုံပါရှိသော ကျောက်စာတစ်ချပ်ရှိသည်။ မင်းဗာကြီးသည် အာနန္ဒစန္ဒြ ကျောက်စာတိုင်နှင့် ယင်းကျောက်စာချပ်ကို ခရစ်နှစ် ၁၅၃၅ ခုနှစ်တွင် ဝေသာလီမြို့ဟောင်းမှ ယူဆောင်ခဲ့သည်။ ကျောက်စာတိုင်၏ တောင်ဘက်တွင် ဓညဝတီမြို့ဟောင်းမှ ပြောင်းရွှေ့ထားသည့် ရှစ်မျက်နှာပါ ကျောက်တိုင်တစ်ခုရှိသည်။
ယူနက်စကိုအဖွဲ့၏ အာရှပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်ကော်မတီသည် အာနန္ဒစန္ဒြ ကျောက်စာ နှင့် မြဂနိုင်ရုပ်ရှင်ကို အာရှပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေ အနှစ်အဖြစ် ၂၀၁၈ ခုနှစ် မေလတွင် အသိအမှတ်ပြုခဲ့သည်။
သားတော်နှင့်ကိုးသောင်းပုထိုး
မြောက်ဦးဒေသတွင် ထုထည်အကြီးမားဆုံး အဆောက်အအုံဖြစ်သည့် ကိုးသောင်းပုထိုးတော်ကြီးသည် နန်းတော်ကုန်း၏ အရှေ့မြောက်ယွန်းယွန်း တစ်မိုင်ခွဲအကွာတွင် တည်ရှိသည်။ ကိုးသောင်းပုထိုးတော်ကို မြန်မာသက္ကရာဇ် ၉၁၅ ခုနှစ် (ခရစ်နှစ် ၁၅၅၃ ခုနှစ်)တွင် ဘုရင်မင်းတိက္ခာက ခြောက်လအတွင်း အပြီးတည်ခဲ့သည်ဟု အဆိုရှိခဲ့ပြီး ဓာတ်တော်မွေတော်ပေါင်း ကိုးသောင်းဌာပနာထားသဖြင့် ကိုးသောင်းပုထိုးဟု ဘွဲ့မည်တွင်ခဲ့သည်။
မင်းဗာကြီး ကွယ်လွန်ပြီးနောက် ခရစ်နှစ် ၁၅၅၃ ခုနှစ်တွင် နန်းတက်သည့် သားတော် မင်းတိက္ခသည် နန်းတက်ချိန်တွင် ကျန်းမာရေးမကောင်းသဖြင့် ဘုရားရှင်ကို ရည်စူးလျက် ကိုးန ဝင်းကျေ ပုထိုးတော်ကြီးကို တည်ဆောက်လှူဒါန်းခဲ့သည်။ ထို့ကြောင့် “သက်ရှည် ကျန်းမာ၊ ကိုးသောင်းပုထိုးတော်” ဟု ပြောစမှတ်ရှိခဲ့ပြီး ဖခင်ဖြစ်သူ မင်းဗာကြီးက သျှစ်သောင်းပုထိုးကို တည်ခဲ့ပြီး သားဖြစ်သူ မင်းတိက္ခက ကိုးသောင်းပုထိုးကို တည်ခဲ့သည်။
ကိုးသောင်းပုထိုး ပန္နက်သည် တစ်ဖက်လျှင် ၇၇ မီတာ (၂၅၂ ဒသမ ၅ ပေ) ရှည်လျားသည့် စတုရန်းပုံဖြစ်ကာ ပစ္စယာငါးဆင့်ခံထားပြီး လိုဏ်ပတ်လမ်း နှစ်ထပ်ရှိသည်။ ရင်ပြင်ပေါ်သို့တက်ရန် အထစ်ကိုးထစ်ရှိပြီး ၁၅ ပေ ကျယ်သည့် ကျောက်လှေကားကို အရှေ့ဘက်တွင်သာ ပြုလုပ်ထားပြီး ကျန်သုံးဖက်ကို ကျောက်တုံးများဆင့်၍ ပိတ်ခဲ့သည်။ ပုထိုးတော်၏ အောက်ခံခုံလုံးသည် ပေ ၂၅၀ ပတ်လည်ဖြစ်၍ ပစ္စယာငါးဆင့်ပေါ်တွင် စေတီငယ်များ တည်ထားပြီး ရင်ပြင်အလယ်တွင် စေတီတော်ကြီးတစ်ဆူရှိသည်။ ကိုးသောင်းပုထိုးတော် ရင်ပြင်ပတ်လည်အတွင်း လိုဏ်ပတ်လမ်းနှစ်ထပ်တွင် ပေါင်းမိုး များရှိသည်။
ကိုးသောင်းပုထိုးတော်ကြီး၏ အရံစေတီငယ် ၁၂၄၁ ဆူကို အရှေ့မျက်နှာစာတွင် ၂၀၆ ဆူ၊ အနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်မျက်နှာစာတွင် ၃၄၅ ဆူစီ မြင်တွေ့ရသည်။ အပေါ်ရင်ပြင်သို့ တက်သည့်လမ်းတွင် ဒွါရပါလ(တံခါးစောင့်)နှင့် ဘီလူးကျောက်ဆစ် ရုပ်ကြွများ ရှိသည်။ အောက်လိုဏ်ပတ်လမ်းတွင် ဘုရားဆင်းတုတော်ရုပ်ကြွများ၊ ကျောက်ဆစ်ပလ္လင် များပေါ်တွင် သီတင်းသုံးနေသော ဆင်းတုတော်ကြီးများကို ဖူးတွေ့နိုင်ပေသည်။ နံရံပေါ်တွင် ထုလုပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်များသည် ယာခြေကို ဘယ်ခြေအပေါ်တင်လျက်၊ တင်ပလ္လင်ခွေထိုင်နေတော်မူလျက် ယာလက်ကို မြေသို့ထိထားကြသည့် ဘူမိဖဿမုဒြာဟန်များ ဖြစ်ကြသည်။ ဝင်ပေါက်နှင့် ပြတင်းပေါင်များပေါ်၌ ပုဂံစေတီများတွင် မြင်တွေ့ရသည့် မီးလျှံဖြာဒီဇိုင်းကို မြင်တွေ့နိုင်သည်။
ကိုးသောင်းပုထိုးတော်ကြီးတွင် ဖူးတွေ့ရသည့် ဗုဒ္ဓဆင်းတုတော်များသည် မြောက်ဦး အလယ်ခေတ် လက်ရာများဖြစ်ကြ၍ ရုပ်ပွားတော်များသည် ပခုံးကျယ်၍ ရင်ဘတ်ဖြိုးမောက်ကာ မျက်ခုံးတော်များ ဆက်နေကြသည်။ မျက်ခွံများ လေးလံကာ မျက်လုံးတော်များသည် တစ်ဝက်သာ ပွင့်နေပြီး နှုတ်ခမ်းသားများက ပြည့်မောက်နေသည်။ ရှည်လျားသော နားတော်နှစ်ဖက်သည် ပခုံးသို့ ထိလုနီးပါးဖြစ်နေကာ ရုံထားသည့် သင်္ကန်းကို ယာဘက်ပခုံးပေါ်တွင် တင်ထား၍ ဝဲဘက်ပခုံးတော်သည် အလွတ်ဖြစ်သည်။ ဦးခေါင်းတော်ထိပ်တွင် အဝိုင်းသို့မဟုတ် လေးထောင့်ပုံများ ပြုလုပ်ထားသည်။
ကမ္ဘာ့အမွေအနှစ် စာရင်းသို့
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ ဖြစ်လာစေရန် ယူနက်စကိုအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ တရုတ်၊ အီတလီ၊ ကိုရီးယားစသည့် နိုင်ငံများက ဘဏ္ဍာငွေနှင့် နည်းပညာအကူအညီများ ပံ့ပိုးခဲ့ကြသည်။
မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ရန် အဆိုပြုလွှာကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် မူကြမ်းတင်သွင်း၍ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် အချောတင်သွင်းရန် ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် မြောက်ဦးဒေသကမ္ဘာ့အမွေ အနှစ်တင်သွင်းရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့ကို ၂၀၁၇ ခုနှစ် ဇွန်လက ဖွဲ့စည်းခဲ့၍ နိုင်ငံတော်သမ္မတရုံးမှ မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကို ၂၀၁၈ ခုနှစ် မေလ ၁၇ ရက်တွင် ဖွဲ့စည်းခဲ့သည်။
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ အမွေအနှစ် စာရင်းတင်သွင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြောက်ဦးဒေသ၏ OUV (Outstanding Universal Value) နှင့် စပ်လျဉ်းသည့် စံသတ်မှတ်ချက်များ၊ နယ်နိမိတ် သတ်မှတ်ချက်များ၊ ကမ္ဘာ့အမွေအနှစ်ဘောင်အတွင်း မြောက်ဦးစီမံခန့်ခွဲရေး မဟာဗျူဟာလုပ်ငန်းများကို အချိန်မီထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဆပ်ကော်မတီ ၁၆ ခု နှင့် အဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲနှင့် ညှိနှိုင်းအစည်းအဝေးများ (၁၉) ကြိမ် ပြုလုပ်ခဲ့သည်။
မြောက်ဦးဒေသကို ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၁၉၉၈) အရ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံတည်ရှိရာ ဇုန်အဖြစ် ၂၀ဝ၉ ခုနှစ်ကပင် သတ်မှတ်ခဲ့သည်။ သို့သော် ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်သော ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်း ရေးဥပဒေအရ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာ ဇုန်ကို ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသအဖြစ် ပြောင်းလဲသတ်မှတ်ရမည်ဖြစ်ပြီး မြောက်ဦးဒေသ ဧရိယာသတ်မှတ်ချက်ကို ပြုပြင်ရန်လိုအပ်လာခဲ့သည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဒေသခံများ၊ ဒေသတွင်းအဖွဲ့အစည်းများ ပူးပေါင်းကွင်းဆင်းပြီး ဆက်စပ်ဌာနများနှင့်ညှိနှိုင်း၍ မူကြမ်းလျာထား ရေးဆွဲခဲ့သည်။
ဧရိယာ ၄၉ စတုရန်းမိုင်ကျယ်ဝန်းသည့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ရေရှည်ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ပညာရှင်နှင့် ဝန်ထမ်းအင်အားတိုးချဲ့ခန့်ထားရန် စီစဉ်လျက်ရှိသည်။ ဝန်ကြီးဌာနသည် ပြည်ပပညာရှင် ငှားရမ်း၍ ဒေသတွင်း ကျွမ်းကျင်ပညာရှင်များ၊ ဌာနဝန်ထမ်းများပါဝင်သည့် အဆိုပြုစာ(မူကြမ်း) ရေးသားပြုစုရေး ကော်မတီကို ဖွဲ့စည်းပြီး ယူနက်စကိုအဖွဲ့သို့ တင်သွင်းမည့် Nomination Dossier စာတွဲများကို ပြုစုခဲ့သည်။ ယင်းစာတွဲများကို သြဂုတ်လ နောက်ဆုံးရက်သတ္တပတ်တွင် အပြီးသတ် ပြင်ဆင်ဖြည့်စွက်ပြီး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြမည်ဖြစ်သည်။
အဆိုပြုစာတွဲလုပ်ငန်းများတွင် (၁) အမွေအနှစ်ဝတ္ထု ပစ္စည်းအမည်၊ တည်နေရာ အကျယ်အဝန်းနှင့် အကြောင်းအရာ အကျဉ်းချုပ်ရေးသားမှုသည် ၁၀ဝ ရာခိုင်နှုန်း ပြီးစီးမှု၊ (၂) အမွေအနှစ်ဝတ္ထုပစ္စည်း သမိုင်းနှင့် တိုးတက်မှု၊ (၃) အမွေအနှစ်ဝတ္ထုပစ္စည်း၏ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ စံနှုန်းသတ်မှတ်ခြင်း၊ (၄) အမွေအနှစ်ဝတ္ထုပစ္စည်း ထိန်းသိမ်းမှုအခြေအနေ၊ (၅) အမွေအနှစ်ဝတ္ထုပစ္စည်းဆိုင်ရာစီမံခန့်ခွဲမှု၊ (၆) အမွေအနှစ် ဝတ္ထုပစ္စည်းဆိုင်ရာ စောင့်ကြည့်မှတ်တမ်းတင်မှု အခြေအနေ၊ (၇) အမွေအနှစ်ဝတ္ထုပစ္စည်းဆိုင်ရာ ရေးသားတင်ပြချက် စာစုစာရင်း၊ (၈) အမွေအနှစ်ဝတ္ထုပစ္စည်းဆိုင်ရာ အထောက်အထား မှတ်တမ်းဓာတ်ပုံတို့ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် အပြီးဆောင်ရွက်၍ အဆိုပြုစာ (မူကြမ်း) ကို ပါရီမြို့ရှိ ယူနက်စကိုအဖွဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်သွင်းမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အဆိုပြုစာ Nomination Dossier(Complete) ကို တင်ပြ၍ ယင်းနှစ် သြဂုတ်လမှ နိုဝင်ဘာလအတွင်း ICOMOS အဖွဲ့၏ ကွင်းဆင်းစစ်ဆေးမှုကို ခံယူရမည်ဖြစ်ပေသည်။
၂၀၂၁ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ကျင်းပမည့် (၄၄) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ညီလာခံက မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေးအတွက် အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေးအတွက် နိုင်ငံတကာ ပညာရှင်များနှင့် အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲနှင့် ကွင်းဆင်းသုတေသနအကြိမ် (၃၀) ပူးပေါင်းဆောင်ရွက်ခဲ့သည်။
မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း အောင်မြင်စွာ တင်သွင်းနိုင်ရေးနှင့်ပတ်သက်၍ ပြည်တွင်း ပြည်ပပညာရှင်များပါဝင်သည့် အဆိုပြုစာတွဲ (မူကြမ်း) Nomination Dossier(Draft) အား ပြင်ဆင်ဖြည့်စွက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၂-၈-၂၀၁၉ ရက်နေ့မှ ၃၀-၈-၂၀၁၉ ရက်နေ့အထိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ဦးဒေသ ငြိမ်းချမ်းရေး
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအထောက်ထား၊ ရခိုင်တိုင်းရင်းသားများ၏ အမွေအနှစ် တစ်ရပ်ဖြစ်သည့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာစေရန် နယ်မြေအေးချမ်းလုံခြုံရေးသည် အရေးကြီးသော အချက်တစ်ရပ်ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ် ကော်မတီမှ မြောက်ဦးဒေသသို့ လာရောက်စစ်ဆေးချိန်တွင် ဒေသငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲမှုကို အဓိကသုံးသပ်မည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှုမရှိသော နေရာဒေသတစ်ခုကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရန် များစွာခက်ခဲမည် ဖြစ်သဖြင့် မြောက်ဦးဒေသ တည်ငြိမ်အေးချမ်းရေးကို အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဒေသတွင်းတိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရန် ပြည်သူများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်ပေသည်။
မြောက်ဦးဒေသ၌ မြန်မာနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မြို့ဟောင်းများကဲ့သို့ပင် ယဉ်ကျေးမှုအမွေအနှစ်များ ကြီးမားခိုင်ခံ့စွာ တည်ရှိနေကာ ကမ္ဘာ့အမွေအနှစ်ဖြစ်လာနိုင်သည့် စံသတ်မှတ်ချက်များနှင့်လည်း ကိုက်ညီမှုရှိနေသည်။ မြောက်ဦးသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ခဲ့ပါက မြန်မာနိုင်ငံ၏ တတိယမြောက် ကမ္ဘာ့အမွေအနှစ်ဖြစ်လာမည်ဖြစ်သည်။ သို့သော် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပေသည်။ မြောက်ဦးဒေသ တည်ငြိမ်အေးချမ်းမှုရှိမှသာ ခရီးသွားများ၏ လုံခြုံရေးကို အာမခံနိုင်မည်ဖြစ်သကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး စသည့်လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။
မြောက်ဦးသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခြင်းဖြင့် ရခိုင်တိုင်းရင်းသားများနှင့်တကွ မြန်မာနိုင်ငံသားများအားလုံး ဂုဏ်ယူကြရမည့်အပြင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုနှင့်ဒေသ တိုးတက်မှုအကျိုးများ ဖြစ်ထွန်းလာမည်ဖြစ်သကဲ့သို့ ကမ္ဘာ့အလယ်တွင် ရခိုင်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ မြင့်မားလာမည်လည်း ဖြစ်ပေသည်။
ရခိုင်ပြည်နယ် မြောက်ဦး၌ ဘာသာသာသနာထွန်းလင်းခဲ့ကာ ရှည်လျားသော သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သည့် ယဉ်ကျေးမှုအနုလက်ရာများ စုစည်းတည်ရှိနေသည်။ ထို့ကြောင့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသဖြစ်လာကာ မြောက်ဦးဒေသရှိ ရှေးဟောင်းအဆောက်အအုံများကို အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ကြခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ်များသည် သားစဉ်မြေးဆက် အဓွန့်ရှည် တည်တံ့နေမည် ဖြစ်ပေသည်။ ။
မြန်မာ့အလင်း