မြောက်ဦး ၁၇ ဒီဇင်ဘာ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းသည် ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ကိုးသောင်းပုထိုးတော်၊ လက်ဆည်ကန်ရေတံခါးနှင့် ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ဒီဇင်ဘာ ၁၅ ရက်တွင် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးကြည်မင်းသည် မြောက်ဦးမြို့ ကမ္ဘာ့ အမွေအနှစ် စီမံခန့်ခွဲရေးရုံးတွင် ကျင်းပပြုလုပ်သည့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်နိုင်ရေးအတွက် Nomination Dossier ရေးဆွဲရေး၊ ရေ အရင်းအမြစ် သုတေသနလုပ်ငန်းဆိုင်ရာ လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ နိုင်ငံတကာပညာရှင် များ၊ ပြည်တွင်းပညာရှင်များ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးကြည်မင်းက မြောက်ဦးဒေသသည် ရှေးဟောင်း အဆောက်အအုံများ တစ်စုတစ်စည်း ပေါင်းစပ်တည်ရှိနေခြင်း၊ ခိုင်လုံသော အထောက်အထား များ၊ မျက်မြင်လက်တွေ့ရှိနေခြင်း၊ ဒေသခံပြည်သူများအနေဖြင့် ကမ္ဘာ့အမွေအနှစ်ဖြစ်စေလို သည့် ဆန္ဒပြင်းပြခြင်းတို့ကြောင့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် အထောက်အပံ့တစ်ရပ်ဟု ဆိုနိုင်ပါကြောင်း၊ မြောက်ဦးဒေသကို UNESCO နှင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ၏ အကြံပြုမှုနှင့်အညီ ကောင်းမွန်စနစ်ကျ သည့် စီမံခန့်ခွဲမှုစနစ်ဖြင့် အဆင့်အမြင့်ဆုံး ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း၊ ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ ဒေသခံများအကျိုးစီးပွား တိုးတက်ရရှိရေးကို ညီမျှစွာဆောင်ရွက်နိုင်ရန်လည်း လိုပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် ပြည်တွင်း၊  ပြည်ပမှ ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ ဒေသတွင်း အဖွဲ့အစည်းများ၊ အမွေအနှစ်ချစ်မြတ်နိုးသူများ ပူးပေါင်းပါဝင်ကြသည့်အပြင် UNESCO နှင့် ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  အီတလီနိုင်ငံတို့မှ ပူးပေါင်းကူညီဆောင်ရွက်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ပါကြောင်း၊ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်ရေးလုပ်ငန်းများ အထောက်အပံ့ဖြစ်ရန်အတွက် သက်ဆိုင်ရာ ကော်မတီများ၊ အဖွဲ့ဝင်များအနေဖြင့် အကြံပြုဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

ထို့နောက် ပြည်ပပညာရှင်များဖြစ်သည့် Ms. Shikhan Jain, Mr. Kai Weise နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မြောက်ဦးဌာနခွဲ ညွှန်ကြားရေးမှူးတို့က မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်ရေး ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။ 

 

မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ဗုဒ္ဓပြတိုက်တွင် ခင်းကျင်းပြသမှုနှင့် ရှေးဟောင်းအမွေအနှစ် ပစ္စည်းများ ထိန်းသိမ်းမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။

 

(သတင်းစဉ်)