mdn

နေပြည်တော် ၂၆ မေ

 

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်ကိစ္စများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်တင်သွင်းရေး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက  မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် ထုတ်ပြန်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအရ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ဒေသခံယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ ယခုတိုင် ဖြစ်ပါကြောင်း၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို UNESCO အသိအမှတ်ပြု စာရင်းများ တင်သွင်းခြင်းသည် အမျိုးသားအဆင့် (National Level) ထိန်းသိမ်းစောင့်ရှောက်မှုသာမက နိုင်ငံတကာအဆင့် (International Level) ထိန်းသိမ်းစောင့်ရှောက်မှုများအဖြစ် တိုးမြှင့်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနှင့် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို မပျက်စီး မပျောက်ပျက်စေရေး ထိန်းသိမ်းခြင်း ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်ကလည်း သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီသည့်အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်ဖြစ်ရန်နှင့် ကမ္ဘာ့အထင်ကရ မှတ်တမ်းအမွေအနှစ်များဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ အဓိကရည်မှန်းချက်သည် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးဖြစ်သည့်အတွက် အဆိုပြုစာတွဲ (Nomination Dossier)တွင် ပါဝင်သည့် အကြောင်းအရာများအပေါ် လက်ရှိကာလအထိ ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်၊ လျာထားချက်များကို မိမိတို့သက်ဆိုင် ရာကဏ္ဍအလိုက် ဆွေးနွေးအကြံပြုပေးကြပါရန် တိုက်တွန်းလိုပါကြောင်း၊ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းကစပြီး ယနေ့အထိ ()လတာကာလအတွင်း ကဏ္ဍအလိုက်၊ အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ ဒေသတွင်းလက်နက်ကိုင် ပဋိပက္ခပြဿနာကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရမှုများ၊ ကွင်းဆင်းလုပ်ငန်း၊ အချက်အလက် ကောက်ခံရေးလုပ်ငန်းများမှာ အခက်အခဲရှိသည်များကို မိမိတို့ဌာနအနေနှင့် တတ်စွမ်းသလောက် လုပ်ကိုင်ဆောင်ရွက်ကြသည်ကိုလည်း မြင်တွေ့ရပါကြောင်း။

 

မြောက်ဦးဒေသ၏ ရှေးဟောင်းအမွေအနှစ်များသည် သမိုင်းတန်ဖိုးကြီးမားသည့်အပြင် အမွေအနှစ်များ၏လက်ရာ၊ ဗိသုကာ တည်ဆောက်ပုံအရ တန်ဖိုးဖြတ်၍ မရနိုင်သည့် ထူးခြားထင်ရှားသည့် အမွေအနှစ်အရင်းအမြစ်များ ဖြစ်ပါကြောင်း၊ မြောက်ဦးဒေသ၏ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ယခုအချိန်မှာ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ အပါအဝင် အခြားအခြားသော အကြောင်းများကြောင့် အခက်အခဲများရှိမည်ဖြစ်သော်လည်း ပါဝင်ဆောင်ရွက်ကြသူများ အားလုံးကဝိုင်းဝန်း၍ ညီညီညွတ်ညွတ်နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ အဆိုပြုစာတွဲ (Nomination Dossier) တင်သွင်းထားမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ အဆိုပြုစာတွဲ (Nomination Dossier) ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန်ကိစ္စများနှင့် မြောက်ဦးဒေသအတွက် ရေးဆွဲထားသည့် Time Frame နှင့် Work Plan များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ကမ္ဘာ့အမွေအနှစ် ဒေသများဌာနခွဲမှ ညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဦးက Integrated Management Framework (Management Plan)နှင့် ဆက်စပ်စာတွဲများအား ဆက်လက်ပြင်ဆင်ရေးဆွဲ ဆောင်ရွက်ရန် ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

 

ထို့နောက် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)မှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က Nomination Dossier Chapter IV State of Conservation and factors affecting the Property နှင့်ပတ်သက်၍ လည်းကောင်း၊ စစ်တွေ့ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က Nomination Dossier Volume I ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ဒေသခံများနှင့် ဆက်စပ်ဌဌာနဆိုင်ရာများနှင့် ညှိနှိုင်း ဆောင်ရွက်ရမည့်ကိစ္စများ၊ Mrauk-U Com ရုံးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် ကိစ္စများနှင့် ပတ်သက်၍လည်းကောင်း၊ မြောက်ဦးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက မြောက်ဦးဒေသ၏ အဆိုပြုစာတွဲများတွင် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများနှင့်ပတ်သက်၍ လည်းကောင်း၊ သရေခေတ္တရာ ဌာနစုမှဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက မြောက်ဦးဒေသ၏ မြေပုံရေးဆွဲရေးလုပ်ငန်း၊ ရှေးဟောင်းနေရာများ ဖော်ထုတ်ရေးလုပ်ငန်းနှင့် Geographical Information System (GIS) Data ကောက်ယူရေး လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ ဟန်လင်းဌာနစုမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအေးက မြောက်ဦးဒေသ၏ Attribute များနှင့် ပတ်သက်၍ လည်းကောင်း၊ ပုဂံဌာနခွဲမှ လက်ထောက်အင်ဂျင်နီယာ ဦးသူရဗိုလ်က မြောက်ဦးဒေသ၏ Monument Inventory ကောက်ယူပြီးစီးမှုနှင့် ပတ်သက်၍ လည်းကောင်း Video Conferencing ဖြင့် ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံတို့က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးသည်။

 

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်