ကမ္ဘာအရပ်ရပ်တွင် တည်ရှိသောနေရာဒေသများအနက် ယဉ်ကျေးမှုအရ အရေးပါသည့် နေရာများ၊ သဘာဝအရ ထင်ရှားပေါ်လွင်သည့် နေရာများကို လူသားတစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ကမ္ဘာ့အမွေအနှစ်နေရာများအဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ကစာရင်းပြုစုခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်းတို့ကိုပြုလုပ်လျက်ရှိသည်။ ယူနက်စကိုကမ္ဘာ့ အမွေအနှစ်ကော်မတီ၏စီမံခန့်ခွဲမှုဖြင့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အမွေအနှစ်အစီအစဉ်မှ ဆောင်ရွက်သည့် ကမ္ဘာ့အမွေအနှစ် နေရာများသည် ကမ္ဘာ့နိုင်ငံပေါင်း၁၇၀ခန့်တွင်နေရာပေါင်း ၁၀၀၀ ကျော် သတ်မှတ်ထားပြီးဖြစ်ကာ သစ်တောများ၊ တောင်များ၊ ရေကန်၊ ကျွန်း၊ ကန္တာရ၊ အထိမ်းအမှတ် နေရာ၊ အဆောက်အဦ၊စုပေါင်းနေရာ သို့မဟုတ် မြို့ စသည့် လူလုပ်ထားသည့် ယဉ်ကျေးမှုနေရာများ၊ သဘာဝနေရာများ၊ ရောနှောနေသည့် နေရာများ ပါဝင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ပျူမြို့ဟောင်းသုံးမြို့(ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ) တို့ကို ၂၀၁၄ ခုနှစ် ဇွန်လတွင်လည်းကောင်း၊ ပုဂံကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင်လည်းကောင်း ကမ္ဘာ့အမွေအနှစ် နေရာများအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။ တတိယမြောက် ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို အဆိုပြု တင်သွင်းမှုများ အဆိုပြုလွှာမူကြမ်းနှင့် အဆိုပြုလွှာမူချော တို့ကို ၂၀၁၉ နှစ်ကုန်ပိုင်းနှင့် ၂၀၂၀ နှစ်ဦးပိုင်းတို့တွင် တင်သွင်းခဲ့ သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် လုံခြုံရေး အခြေအနေတို့ကြောင့် လုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့သွားခဲ့ရသည်။

ယခုနှစ်ဦးပိုင်းတွင် လုပ်ငန်းများ ပြန်လည်စတင်လာခဲ့သော်လည်း မြောက်ဦးယဉ်ကျေးမှုဒေသအတွင်း ကျူးကျော်အိမ်များ ဝင်ရောက်ဆောက်လုပ်ခြင်း၊ ယန္တရားများဖြင့် တောင်များကိုဖြိုခြင်း၊ ကျုံးများကို မြေဖို့ခြင်း၊ အမှိုက်သရိုက်များ မဆင်မခြင် စွန့်ပစ်နေခြင်းတို့အပါအဝင် လူတို့၏ပယောဂကြောင့် ထိခိုက် ပျက်စီးမှုများရှိနေကြောင်း သတင်းများကိုတွေ့ရှိခဲ့ရသည်။ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရန် ယူနက်စကိုသို့ အဆိုပြုလွှာ တင်သွင်းရာတွင် ရှေးဟောင်းကျုံး၊ မြောင်း၊ ခံတပ်၊ နန်းတော်ရာကုန်းနှင့် နန်းဓလေ့၊ ညီလာခံကျင်းပသည့်နေရာ၊ ဘုရင်များ ကိုးကွယ်ခဲ့သည့် ဘုရား စေတီပုထိုးများ၊ ဒတ်ချ်၊ ပေါ်တူကီတို့နှင့် ကူးသန်းရောင်းဝယ်ရာတွင် အသုံးပြုခဲ့သည့် ကုန်တိုက်များ၊ ဒင်္ဂါးများ၊ သင်္ဘောကျင်းများ၊ စပါးကျီများ၊ မြောက်ဦး၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှုများ၏ ထူးခြားချက်များကို အခြေခံထားခြင်းဖြစ်ရာ မြေပြင်တွင် တည်ရှိနေသည့် အရာဝတ္ထုအားလုံး မူလအနေအထားမှ ပြောင်းလဲပျက်စီး မသွားစေရေးမှာ အထူးပင်အရေးကြီး သည်။

လာမည့်လအနည်းငယ်အတွင်း နိုင်ငံတကာအထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (International Council on Monuments and Sites-ICOMOS)အဖွဲ့က မြောက်ဦးသို့ လာရောက်ကာ မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးတော့မည်ဖြစ်သည်။ အဆိုပြုလွှာပါ အချက်အလက်များနှင့် မြေပြင်အခြေအနေများ ကွဲလွဲကွာ ခြားမှုများမဖြစ်ပေါ်စေရန်မှာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ သာမက ဒေသခံပြည်သူများ၏ ယဉ်ကျေးမှုအမွေအနှစ်ကို ချစ်မြတ်နိုးမှု၊ တန်ဖိုးထားထိန်းသိမ်းမှုနှင့် ပူးပေါင်းပါဝင်မှုတို့က လွန်စွာအရေးပါသည့်အလျောက် မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို မြန်မာနိုင်ငံ၏ တတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေး တစ်မျိုးသားလုံးဝိုင်းဝန်းဆောင်ရွက် ပေးနိုင်ကြရန် အကျိုးမျှော်ကာ နှိုးဆော်အပ်ပါကြောင်း။

မြန်မာ့အလင်း