ပုလဲ   ၁၂  စက်တင်ဘာ 


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကျေးသမျှားကျေးရွာ၊ ရွှေမုဌောဘုန်းကြီးကျောင်း ဓမ္မာရုံ၌ စက်တင်ဘာ ၁၁ ရက်၊ နံနက် ၁၀ နာရီက ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု စီမံကိန်း၏ မြောက်ယမားဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ပေးခြင်း အကျိုးရလဒ်များကို ဆန်းစစ်အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောသက်ခိုင်ဝင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းတို့က အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ   ဦးဇော်ဝင်းစိုးက  ဆည်ရေကို စနစ်တကျ အကျိုးရှိစွာ သုံးစွဲရေး၊  လယ်ကြားမြောင်းများ စနစ်တကျ ဖောက်လုပ်ရေး၊ ရေသောက်မြောင်း တစ်ခုခြင်းအလိုက် ရေလိုအပ်ချက်တူသော သီးနှံများ အကွက်အလိုက် စိုက်ပျိုးရေး၊ သက်တမ်းတို စပါးမျိုး၊ ရေငတ်ခံ စပါးမျိုးနှင့် ယာစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရေးနှင့် ပတ်သတ်သည့် ကိစ္စရပ်များကို လည်းကောင်း၊


မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးအောင်က မြောက်ယမားရေကူတမံနှင့် မြောက်ယမား ဆည်ရေလှောင်တမံ၌  ရေလှောင်ပမာဏများ လျော့နည်းနေမှု   အခြေအနေများအရ စိုက်ပျိုးရေကို နှစ်စဉ်လျာထားစိုက်ပျိုးသည့် မိုးစပါး    စိုက်ဧကများအပေါ်တွင် ခြိုးခြံချွေတာပြီး အလေအလွင့်မရှိ အနည်းဆုံး ပမာဏဖြင့် ပေးဝေနိုင်ရေးအတွက်  စိုက်ခင်းအတွင်း ရေစီမံခန့်ခွဲမှု လုပ်ငန်းများကို  ဆည်မြောင်းဝန်ထမ်းများ အနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရေသောက်တောင်သူများနှင့် ပူးပေါင်း၍  စီမံဆောင်ရွက်လျက်ရှိကြောင်း၊ 


စိုက်ပျိုးရေ  ရယူသုံးစွဲလျက်ရှိသော တောင်သူလယ်သမားများ အနေဖြင့် ဆည်ရေကို အထူးခြိုးခြံချွေတာပြီး အလေအလွင့် မရှိအောင် ရယူသုံးစွဲကြစေရေးနှင့်  ရေသောက်တောင်သူ အချင်းချင်း ညီညွတ်မျှတသည့် စိတ်ဓာတ်ဖြင့် ဌာနမှ  သတ်မှတ်ထားသည့်  ရေလှည့် ဇယားများအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး  ကိစ္စရပ်များကို လည်းကောင်း၊ 


ယင်းမာပင်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းဇော်မြင့်က ဆည်မြောင်းတာတမံဥပဒေကိုလည်းကောင်း၊ နွေးစပါးဆန်းစစ်အကဲဖြတ်ရေး အဖွဲ့တာဝန်ခံ ဒေါ်မို့မို့လွင်က ဆန်းစစ်အကဲဖြတ်ခြင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ ဆန်းစစ်အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြောက်ယမား ဆည်ရေသောက်ဧရိယာ အတွင်းရှိ ကျေးရွာများမှ   အုပ်ချုပ်ရေးမှူးများနှင့်   တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြို့နယ်ပြန်/ဆက်