ပုလဲ ၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မြောက်ယမားတမံ မူလမြောင်းမကြီး ဆည်ရေသောက်စနစ်ဧရိယာအတွင်း ရေအသုံးချသူများအဖွဲ့ တိုးချဲ့ဖွဲ့စည်းနိုင်ရေးနှင့် ဆည်ရေကို အကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပုလဲမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးအောင်က “ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အတွင်းရှိ တောင်သူများအတွက် အဓိက အကျိုးပြုနေတဲ့ မြောက်ယမားရေ လှောင်တမံအနေဖြင့် ပုလဲမြို့နယ်၊ ချင်ပြစ်ကျေးရွာအနီးမှာ တည်ရှိပါတယ်။ မြောက်ယမားရေလှောင်တမံရဲ့ မူလမြောင်းမကြီးဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းကို လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မုံရွာမြို့မှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု စီမံကိန်း (Agricultural Development Support Project) အရ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ လုပ်ငန်းများ ပြီးစီးမှု အနေဖြင့် ၈၀ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ပါတယ်။ မူလမြောင်းမကြီး ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင် ခြင်းလုပ်ငန်းနှင့်အတူ မူလမြောင်းမကြီးနှင့် တူးမြောင်းများ ရေရှည်တည်တံ့နိုင်စေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနဲ့ Nippon Koei Consultant အဖွဲ့တို့ ပူးပေါင်းပြီး ရေအသုံးချသူများအဖွဲ့ (Water User Group)များကို ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ရဲ့ လမ်းညွှန်ချက်နှင့်အညီ ဖွဲ့စည်းပေးခဲ့ရာ မြောက်ယမားတမံ မူလမြောင်းမကြီး ဆည်ရေသောက်စနစ် ဧရိယာအတွင်းမှာ ရေအသုံးချသူများအဖွဲ့(WUG) ၃၅ဖွဲ့ကိုဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇွန် ၇ရက်နေ့မှာ မင်းမအရှေ့ကျေးရွာရှိ ရေအသုံးချသူများအဖွဲ့အမှတ်(၃)နှင့် တောင်သူများအား တွေ့ဆုံ၍ ဖွဲ့စည်းထားရှိပြီးဖြစ်သော ရေအသုံးချသူများအဖွဲ့(WUG)အဖွဲ့ ခိုင်မာစွာ ရပ်တည်နိုင်ရေးနှင့် တိုးချဲ့ ဖွဲ့စည်းနိုင်ရေး၊ တောင်သူများ အနေဖြင့်လည်း ဆည်ရေကို အလေအလွင့်နည်းစွာ အကျိုးရှိရှိ စနစ်တကျ သုံးစွဲနိုင်ရေးနှင့် ရေလိုအပ်ချက်နည်းသော စိုက်ပျိုးနည်းစနစ်များကို အသုံးပြုလာနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ပုလဲမြို့နယ်၊ မင်းမအရှေ့ကျေးရွာ၊ မြောက်ယမားရေလှောင်တမံ၊ မူလမြောင်းမကြီး၏ ရေပေးမြောင်းလက်တံ အမှတ်(၅)အနီး၊ ရေအသုံးချသူများအဖွဲ့ အမှတ်(၃)နှင့် တောင်သူများ ပူးပေါင်း၍ မိုးစပါး စိုက်ပျိုးချိန်အမီ ရေသွင်းမြောင်းများ ပြုပြင်ပေးနေမှုအခြေအနေများကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးဖြိုးဝေလင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုး၊ မြို့နယ်လယ်ယာမြေစီမံခန့်ရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူးဦးဆန်းထွန်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးအောင်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)


