မော်လိုက် ၂၇ ဖေဖေါ်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၊ စွယ်တော်ရပ်ကွက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း စတင်ဆောင်ရွက်နေမှုတို့အား ဖေဖေါ်ဝါရီလ ၂၇ ရက် မွန်းလွဲပိုင်းက ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖတို့က ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည့်မီရေး၊ သတ်မှတ် ကာလအတွင်း လုပ်ငန်းများပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ကို လမ်းညွှန်မှာကြားခဲ့ သည်။
အဆိုပါ စွယ်တော်ရပ်ကွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသ ကြီးအစိုးရအဖွဲ့(ငွေလုံးငွေရင်း)ခွင့်ပြုငွေ ကျပ်( ၂၄၂ ဒဿမ ၃)သန်းဖြင့် အလျားပေ(၄၀၀)ရှိ ဘိုးပိုင် အခြေပြု ကျောက်စီမြေထိန်းနံရံကို တင်ဒါအောင် မန်းဇေယျာကုမ္ပဏီမှ တာဝန်ယူ၍ လုပ်ငန်းများ စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။
ထို့အပြင် ၂၀၂၀ ပြည့်နှစ် မေလတွင် လုပ်ငန်းများအပြီးသတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ခါဝဲ ကျေးရွာနှင့် ပန်းသာကျေးရွာများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုငွေဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်းတာဝန်ခံ လက်ထောက်အင်ဂျင်နီယာ ဦးဖြိုးဝေဝင်း ထံမှသိရသည်။
မော်လိုက်သားလေး


