မော်လိုက် ၂၈ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ မြို့မ(၂)ရပ်ကွက်၊ အောင်သာယာရပ်၌ လျှပ်စစ်ဓါတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေများဖြင့် တည်ဆောက်ခဲ့သည့် 66/11 KV(10 MVA) ဓါတ်အားခွဲရုံနှင့် 66 KV ကလေးဝ-မော်လိုက် ဓါတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ဧပြီ ၃၀ ရက် ညနေပိုင်းမှစတင်၍ မော်လိုက်မြို့ပေါ်တွင် လျှပ်စစ်ဓါတ်အားများကို ၂၄ နာရီ ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မော်လိုက်မြို့နယ်တွင် လျှပ်စစ်ဓါတ်အားများ ၂၄ နာရီ ဖြန့်ဖြူးပေးနိုင်ရေးအတွက် လျှပ်စစ်ဓါတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေများဖြင့် တင်ဒါအောင် ဟင်္သာနီကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ရာ စီမံကိန်းလုပ်ငန်းများအနေဖြင့် ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးခဲ့ပြီး မတ်လ ၂၅ ရက်နေ့တွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ခဲ့သော်လည်း COVID-19 ရောဂါကြောင့် ယခုဧပြီလကုန်တွင် လျှပ်စစ်ဓါတ်အားများကို ၂၄ နာရီဖြန့်ဖြူးပေးနိုင်ခြင်း ဖြစ်ကြောင်း စီမံကိန်းမန်နေဂျာရုံး(၃)၊ မြောက်ပြင်၊ မန္တလေးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင် ပြောကြားချက်အရ သိရသည်။
မော်လိုက်မြို့ပေါ်တွင် လက်ရှိအနေဖြင့် ဒီဇယ်ဓါတ်အားပေးစက်ဖြင့် အိမ်ခြေ(၈၃၃)အိမ်ကို ညပိုင်းတွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးချိန် ညနေ(၆)နာရီမှ (၁၀)နာရီထိ (၄)နာရီ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ဓါတ်အားစနစ်ကနေ ၂၄ နာရီ ဓါတ်အားရရှိပြီးနောက် ဓါတ်အားသုံးစွဲရန် လျှောက်ထားလာသူများအတွက်ကိုလည်း မီတာများတပ်ဆင်ပေးပြီး ဓါတ်အားများ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဓါတ်အားလိုင်းတည်ဆောက်နေသည့် ကျေးရွာ(၃)ရွာကိုလည်း လျှပ်စစ်ဓါတ်အားများ ဆက်လက်ဖြန့်ဖြူးပေးသွားနိုင်မည် ဖြစ်ကြောင်းနှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးအရေးအတွက်ကိုလည်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာများ စိုက်ထူခြင်းနှင့် ရပ်ကွက်များသို့ လှည့်လည်၍ လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဒုတိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦးအောင်စိုးမိုးထံမှ သိရသည်။
“ကျွန်တော်တို့လို မီတာမရှိတဲ့သူတွေကတော့ ကိုယ့်ရပ်ကွက်ကနေ ညပိုင်း(၂)နာရီသာရတဲ့ လျှပ်စစ်မီးကိုယူပြီး မိမိအိမ်မီးလင်းရေးအတွက် အသုံးပြုနေကြရပါတယ်၊ တစ်လကို (၇၀၀၀) လောက်ပေးရတယ်ဗျ။ ဒီလို လျှပ်စစ်မီးကို သုံးစွဲနေကြရတဲ့သူတွေအတွက် ၂၄ နာရီ လျှပ်စစ်မီးသာ သုံးစွဲနိုင်တော့မည်ဆိုလျှင် ငွေကုန်ကြေးကျလည်း သက်သာပြီး လျှပ်စစ်ဓါတ်အားကိုလည်း အပြည့်အဝ သုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးထံမှ သိရသည်။
မော်လိုက်မြို့နယ်တွင် လျှပ်စစ်ဓါတ်အားများ ၂၄ နာရီ ဖြန့်ဖြူပေးနိုင်တော့မည်ဖြစ်၍ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် များစွာအထောက်အကူ ပြုလာတော့မည်ဖြစ်၍ ယခင်ကထက် ပိုမိုဖွံ့ဖြိုးလာတော့မည်ဖြစ်ကြောင်း သိရသည်။
မော်လိုက်သားလေး


