မော်လိုက် ၁၈ မတ်         

     

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်သည့် ကိုရိုနာဗိုင်းရပ်(စ်) (COVID-19) ရောဂါ မကျရောက်စေရေးအတွက် မော်လိုက်မြို့နယ် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် နှင့် မြို့ပေါ်တွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ် ပူဇော်ခြင်းကို မတ်လ ၁၈ ရက် နံနက် ၇ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

           

အဆိုပါ အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ခြင်းကို မော်လိုက်မြို့နယ် သြဝါဒါစာရိယ တောင်တစ်လုံး ကျောင်းတိုက်ဆရာတော် ဦးပိဏ္ဍောလ၊ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ မြို့မ ကျောင်းတိုက်ဆရာတော် ဦးတေဇောဘာသ၊ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဦးဣန္ဒာသဘနှင့် ပင့်သံဃာတော်များက မော်လိုက်မြို့နယ် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်နှင့် မြို့ပေါ်ရပ်ကွက်များသို့ အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။

           

ယင်းနောက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် တာဝန်ရှိသူများက ပင့်သံဃာတော် (၈) ပါးတို့အား မြို့တော်ခန်းမ၌ နေ့ဆွမ်းနှင့် ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

မော်လိုက်သားလေး