မော်လိုက် ၂၃ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စု များ အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မော်လိုက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးက လေပြင်းတိုက်ခတ်မှုကြောင့် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဝင်းစိုးတို့က လေပြင်းတိုက်ခတ်မှု ကြောင့် မော်လိုက်မြို့နယ်အတွင်း ပျက်စီးခဲ့သည့် အိမ်ထောင်စု(၆)စုအတွက် ထောက်ပံ့ငွေ စုစုပေါင်း ၃၃၂၇၀ဝ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
"မော်လိုက်မြို့နယ်တွင် ဧပြီလ ၂၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လောင်းကောင်းကျေးရွာ၊ ကင်းတပ်ကျေးရွာ၊ မော်လိုက်ကလေးကျေးရွာနှင့် မန်းကျည်းတန်းကျေးရွာတို့မှ အိမ်ထောင်စု(၆)စုတို့မှာ နေအိမ်အမိုးများပျက်စီးခဲ့သည့်အတွက် ယင်းအိမ်ထောင်စုများအတွက် ထောက်ပံ့ ငွေ စုစုပေါင်း ၃၃၂၇၀ဝ ကျပ်ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း သဘာဝဘေးကြောင့် ပျက်စီးမှုများရှိခဲ့လျှင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများထံမှ တစ်ဆင့် အမြန်ဆုံးတင်ပြသွားမယ်ဆိုရင် ထောက်ပံ့မှုများကိုလည်း အမြန်ဆုံးဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း" ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဝင်းစိုး ပြောကြားချက်အရ သိရသည်။
မော်လိုက်သားလေး


