မော်လိုက် ၁၁ ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ လူဦးရေစာရင်း အချက်အလက်များနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်ပွဲကို ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီခွဲက မော်လိုက်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်းနှင့် မော်လိုက်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးမြင့်တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 


ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိသည့် နိုင်ငံသားအားလုံး မဲပေးနိုင်ရေး၊ တိကျသည့် မဲစာရင်းများ ရရှိရေးအတွက် အခုလို စာရင်းကောက်ယူရေးဆင့်ပွားသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ် ကြောင်း၊ မော်လိုက်မြို့နယ် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းအရ လူဦးရေ (၅)သောင်းကျော် ရှိသည့်နေရာတွင် မဲပေးနိုင်သည့် လူဦးရေမှာ (၃)သောင်းကျော်ရှိခဲ့ကြောင်း၊ တိုင်းရင်း သားလူမျိုးအနေဖြင့် ချင်းတိုင်းရင်းသား(၁၀၃)ဦးနှင့် ရှမ်းတိုင်းရင်းသား(၂၄)ဦး ရှိခဲ့ကြောင်း၊ လူဦးရေ စာရင်းကောက်ယူသည့်ကာလကို ၂၀၁၉ ခုနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ် (၃)လသတ်မှတ်ထားပြီး၊ မဲဆန္ဒရှင် စာရင်း ကောက်ယူပြုစုခြင်းကိုတော့ ၂၀၁၉ ခုနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ (၄)လ သတ်မှတ် ထားကြောင်း၊ စာရင်းများကောက်ယူပြုစုရာတွင်လည်း သတ်မှတ်ထားသည့် ပုံစံ(၄)မျိုးအတိုင်း ကောက်ယူသွားရမည်ဖြစ်ကြောင်း၊ လူဦးရေစာရင်း အချက်အလက်များနှင့် အခြေခံမဲဆန္ဒရှင်စာရင်းများ တိတိကျကျ မှန်မှန်ကန်ကန်ရရှိရေးအတွက် သင်တန်းသို့ တက်ရောက်လာကြသည့် စာရင်းကောက်ယူရေးအဖွဲ့က ဆောင်ရွက်ရမှာဖြစ်သဖြင့် မိမိတို့တာဝန်ကျရာ ရပ်ကွက်၊ ကျေးရွာများတွင် ကောက်ကွက် မကျန်အောင် ရေးဆွဲ၍ ပြုစုဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်သောင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ လူဦးရေစာရင်း အချက်အလက်များနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူပြုစုခြင်း ဆင့်ပွားသင်တန်းသို့ မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများ၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ ကျန်းမာရေးနှင့် ပညာရေးဌာနမှ ဝန်ထမ်းများ စုစုပေါင်း(၁၇၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မော်လိုက်သားလေး