မော်လိုက် ၃၁ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြို့ပေါ်ရပ်ကွက် အတွင်းရှိ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဒုတိယအကြိမ်အဖြင့် မေလ ၃၀ ရက် နံနက်ပိုင်းက သရက်ကုန်ရပ်၊ အောင်မင်္ဂလာရပ်နှင့် တံတားဦးရပ်တို့မှ သက်ကြီး ဘိုးဘွား (၁၃၃)ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွားများအတွက် အိမ်တိုင်ရာရောက် အခမဲ့ဆေးကုသပေးနိုင်ရေး အတွက် မော်လိုက်ခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင် ဦးဆောင်၍ ဗိုလ်ကြီး မင်းမင်းအောင် ဦးစီးသော မော်လိုက်ဆေးတပ်စုနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များက သက်ကြီးဘိုးဘွားများအား အခမဲ့ဆေးကုသပေးခဲ့ကြပြီး နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြကြောင်းနှင့် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ဆေးကုသ ပေးရာတွင် ပါဝင်ကူညီပေးကြသော မော်လိုက်ဆေးတပ်စုအဖွဲ့အား ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးမှ အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့ပေါ် ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု များပေးနိုင်ရန် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် နယ်မြေခံတပ်ရင်း(၃)ရင်းတို့မှ ဆေးတပ်ဖွဲ့တို့ဖြင့် ပူးပေါင်းကာ အပတ်စဉ် စနေနေ့တိုင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လူစုလူဝေးများ မဖြစ်စေရန် ဧပြီလမှ စတင်၍ သက်ကြီးဘိုးဘွား ဆေးခန်းအား ယာယီပိတ်ထားရသဖြင့် ယခုလို အိမ်တိုင်ရာရောက် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် မေလ ၂၃ ရက်နေ့ကလည်း သက်ကြီး ဘိုးဘွား (၇၇)ဦးတို့ကို အိမ်တိုင်ရာရောက်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး


