မော်လိုက်   ၂၃  မေ    

 

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါကြောင့် အပတ်စဉ်စနေနေ့တိုင်း ဖွင့်လှစ်ကုသပေးနေသည့် သက်ကြီးဘိုးဘွားဆေးခန်းကို ပိတ်ထားရသဖြင့် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဘိုးဘွားများထံ အိမ်တိုင်ရာရောက် ကုသပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အိမ်တိုင်ရာရောက် ဆေးကုသပေးခြင်းကို ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင် ဦးဆောင်၍ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း (၃)ရင်းမှ သူနာပြုအရာရှိများနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက စွယ်တော်ရပ်၊ ညောင်ပင်သာရပ်နှင့် အောင်သာယာရပ် တို့မှ သက်ကြီးဘိုးဘွား ၇၇ ဦးတို့အား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးကြပြီး လိုအပ်သည့် ဆေးဝါးများအား တစ်လစာသောက်သုံးရန် ပေးဝေခဲ့ကြောင်း သိရသည်။

 

"အခုလို သက်ကြီးဘိုးဘွားဆေးခန်း ပိတ်ထားသည့်အချိန် အိမ်တိုင်ရာရောက် လာရောက်ကုသပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်ရကြောင်း၊ ဘိုးဘွားဆေးခန်းက မဖွင့်တာကြာတော့ သောက်နေကြဆေးတွေက ပြတ်နေတဲ့အချိန် အခုလို လာရောက်ကုသပေး၊ လိုအပ်တဲ့သောက်ဆေးတွေ၊ အားဆေးတွေကိုပေးခဲ့အတွက် အလွန်မှဝမ်းသာရ ကြောင်း" စွယ်တော်ရပ်မှ သက်ကြီးဘိုးဘွားတစ်ဦး၏ ဝမ်းသာပီတိစကားသံကိုလည်း ကြားသိခဲ့ရသည်။

 

မော်လိုက်မြို့၌ သက်ကြီးဘိုးဘွားများအား အခမဲ့ဆေးကုသပေးနိုင်ရေးအတွက် ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ရုံးတွင် အပတ်စဉ် စနေနေ့တိုင်း မြို့ပေါ်ရပ်ကွက်များနှင့် အနီးနားကျေးရွာများမှ သက်ကြီးဘိုးဘွား (၁၃၀) ကျော်တို့အား ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ် ဧပြီလတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် သက်ကြီးဘိုးဘွားဆေးခန်းအား ယနေ့အချိန်ထိ ပိတ်ထားဆဲဖြစ် သည့်အတွက် ယခုလို သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက်သွားရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းဖြစ်ပြီး နောက်တစ်ပတ် စနေနေ့တွင်လည်း ကျန်ရှိသည့်ရပ်ကွက်များမှ သက်ကြီးဘိုးဘွားများ အတွက် အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

 

မော်လိုက်သားလေး