မော်လိုက်မြို့နယ်၊ လောင်းကောင်းကျေးရွာ၌ ချောင်းရေတိုက်စားမှုကြောင့် ကျေးရွာချင်းဆက်ကွန်ကရစ်တံတား ကမ်းကပ်ခုံပြိုကျပျက်စီး

mdn

 

မော်လိုက်          သြဂုတ်       ၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်း ပြီး မိုးကောင်းချောင်းရေတိုက်စားမှုကြောင့်  လောင်းကောင်း-ညောင်သပြေ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား ကမ်းကပ်ခုံ ကျိုးကျနိမ့်ဆင်းမှုဖြစ်ပွားခဲ့သည်။

 

“ ဒီကနေ့ မနက်ပိုင်းက ဖြစ်သွားတာပါဗျ၊  မိုးကောင်းချောင်းကိုဖြတ်ပြီး လောင်းကောင်း-ညောင်သပြေကျေးရွာချင်းဆက်တံတား တည်ဆောင်ထားတာပါ၊ မိုးရွာသွန်းတာများပြီး မိုးကောင်း ချောင်းကနေ ချောင်းရေကျလာကာ ကျွန်တော်တို့ လောင်းကောင်းကျေးရွာဘက်ခြမ်းမှာရှိတဲ့ ကမ်းကပ်ခုံအောက်ခြေကို တိုက်စားပြီး ကျိုးကျနိမ့်ဆင်းသွားတာဗျ၊ ဒီကျေးရွာချင်းဆက်တံတားကို လောင်းကောင်း ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများ အသုံးပြုသွားလာ နေကြတဲ့ တံတားတစ်စင်းလည်းဖြစ်ပါတယ်၊ အခုလိုဖြစ်သွားတဲ့အတွက် လောင်းကောင်းကျေးရွာ နှင့် အခြားကျေးရွာများအနေဖြင့် သွားလာရေးအခက်အခဲများဖြစ်သွားရကြောင်း၊ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာသို့လည်း တင်ပြထားကြောင်း” လောင်းကျေးရွာအုပ်ချုပ် ရေးမှူး ဦးဝင်းဇော် ထံမှသိရသည်။

 

“မော်လိုက်မြို့နယ်မှာ ဒီကနေ့မနက် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေတိုက်စား မှုကြောင့် လောင်းကောင်းကျေးရွာရှိ  ကျေးရွာချင်းဆက်တံတားရဲ့ ကမ်းကပ်ခုံ ကျိုးကျနိမ့်ဆင်းမှု ဖြစ်ပွားခဲ့ကြောင်း၊ ဒီဖြစ်ပွားတဲ့နေရာကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီမှ ကွင်းဆင်းကြည့်ရှုပြီး လောင်းကောင်းကျေးရွာ ပြည်သူများ ယာယီအသုံးပြုသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တံတားကမ်းကပ်ခုံ ကျိုးကျနိမ့်ဆင်းမှုဖြစ်စဉ်ကြောင့် ဖြတ်သန်း သွားလာမှုများအား တားမြစ်ထားပြီး တံတားပြုပြင်ဆောင်ရွက်ခြင်းများကိုလည်း သက်ဆိုင်ရာ ဌာနများနှင့် အမြန်ဆုံးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆုံးရှုံးမှုတန်ဘိုး အနေဖြင့် (၂၈)သိန်း ခန့်မှန်းထားကြောင်း” မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌထံမှ သိရသည်။

 

အဆိုပါ လောင်းကောင်း-ညောင်သပြေကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်(၅၃၃၇၀၀၀၀)သိန်းဖြင့် နတလဦးစီးဌာနမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ အရှည်ပေ(၆၀)၊ အကျယ်ပေ(၂၀)ရှိ သံကူကွန်ကရစ်တံတား အမျိုး အစား ဖြစ်ကြောင်း သိရသည်။ 

 

မော်လိုက်သားလေး