မော်လိုက် ၆ ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးကာ ဆင်းရဲမှု လျှော့ချနိုင်ရေးနှင့် လူမူစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် မော်လိုက် ကလေးကျေးရွာ မြစိမ်းရောင် (ငါးကဏ္ဍ) စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သက်တမ်း (၃)နှစ်ပြည့်ပြီးဖြစ်သဖြင့် ဒုတိယအကြိမ် ကျေးရွာကော်မတီ ပြန်လည် ရွေးချယ်တာဝန်ပေးအပ်ခြင်း ကို ယမန်နေ့က မော်လိုက်ကလေးကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွန်းက ကျေးရွာကော်မတီများ ပြန်လည် ရွေးချယ်ရာတွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူ စိတ်ပါဝင်စားစွာ လုပ်ကိုင်နိုင်သူများအား ရွေးချယ်ပေးကြရန် ရှင်းလင်းပြောကြားပါသည်။ မော်လိုက်ကလေးကျေးရွာ မြစိမ်းရောင်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌမှ နှုတ်ထွက်ကြောင်း တင်ပြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/ ကျေးရွာသားများမှ ကော်မတီဝင်(၇)ဦး ထဲမှ ဦးခင်မောင်ဆွေအား ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြောက် ကြပါသည်။ ဆက်လက်ပြီး အတိုးရရှိငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MDN