မော်လိုက်၂၉ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးသည် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးဝင်းချို၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးချစ်ကိုကို၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမြင့်လွင်တို့ ပါဝင်သည့်အဖွဲ့သည် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ထော်သာကျေးရွာသို့ သွားရောက်၍ ကျေးရွာအတွင်း သဲကျောက်ထုတ်လုပ်ခွင့်လျှောက်ထားမှု၊ တာဝါတိုင် တည်ဆောက်ထားသည့် မြေအသုံးချမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲကို ထော်သာကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှုကော်တီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ တရားမဝင်သစ်ထုတ်နေမှုများ၊ မူးယစ်ဆေးဝါးသုံးစွဲရောင်းချခြင်း၊ တရားမဝင်ရွှေတူးဖော်ခြင်းများ မရှိစေရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ထော်သာကျေးရွာပြည်သူများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်ချက်များအား တင်ပြခဲ့ကြရာ တာဝန်ရှိသူများက လိုအပ်သည်များအား ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် နန်းသီကျေးရွာအထွက် နန်းသီကျေးရွာနှင့် နန်းတိုင်းသာကျေးရွာချင်းဆက်လမ်း ဖော်လုပ်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။         

မော်လိုက်သားလေး