မော်လိုက်၊ ၆ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေ တစ်ရွာလျှင် ကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာ(၁၀)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သည့် အခြေခံ အဆောက်အအုံများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ကျေးရွာများရွေးချယ်ရာတွင် ဖွံ့ဖြိုးရေးစီမံကိန်းမရရှိသေးသည့် ကျေးရွာများမှ အမှန်တကယ်လိုလားသည့် ကျေးရွာများကိုလည်းကောင်း၊ ကျေးရွာအိမ်ခြေများပြီး အမှန်တကယ်ဆောင်ရွက်နိုင်သည့် ကျေးရွာများ၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ တရားဥပဒေ စိုးမိုးမှုရှိခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းကို အားသွန်ခွန်စိုက် လုပ်နိုင်မည့် ကျေးရွာ (၁၀) ရွာကို လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်ဌာနများမှ တာဝန်ရှိသူများက စိစစ်ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
“မော်လိုက်မြို့နယ်တွင် ကျေးရွာဖွံဖြိုးရေးစီမံကိန်း (VDP)ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာများကို ရွေးချယ်၍ ဆောင်ရွက်ခဲ့ရာ ကျေးရွာစုစုပေါင်း (၂၆)ရွာတွင် အခြေခံလမ်းများ၊ တံတားများ၊ ဘက်စုံသုံးခန်းမများနှင့် စာသင်ကျောင်းဆောင်သစ်များ စသည့် အခြေခံ အဆောက်အအုံများကို ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ယခုရွေးချယ်ခဲ့သည့် ကျေးရွာများတွင်လည်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေ တစ်ရွာလျှင် ကျပ်သိန်း(၁၀၀)စီဖြင့် အခြေခံအဆောက်အအုံများကို ၂၀၂၀ ပြည့်နှစ် မတ်လအကုန်တွင် စီမံကိန်းလုပ်ငန်းများ အပြီးသတ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)သည် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးလက်နှင့်မြို့ပြ အချိုးညီ ဖွံ့ဖြိုးတိုးတက်ရေး၊ ကွာဟမှုနည်းပါးစေရန်နှင့် ကျေးရွာများတွင် အမှန်တကယ် လိုအပ်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာနေပြည်သူများ ကိုယ်တိုင် အကောင်အထည်ဖော်တတ်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဆောင်ရွက်သော စီမံကိန်း တစ်ခုဖြစ်သည့်အတွက် ကျေးရွာများအတွက် များစွာအကျိုးရှိကြောင်း သိရသည်။
MDN


