မော်လိုက် ၁၆ ဒီဇင်ဘာ        

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ချင်းတွင်းမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဘုန်းကျော်စိန်က မော်လိုက်မြို့ ချင်းတွင်းမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ကမ်းပြို ကာကွယ်ရေးလုပ်များ လုပ်ဆောင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ သည်။

 

ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ မြို့မိမြို့ဖများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ချင်းတွင်းမြစ်ရေလမ်းကြောင်း ကောင်းမွန် ရေးနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာပြည်သူများနှင့် ပွင့်လင်းမြင်သာ စွာ ပေါင်းစပ် ညှိနှိုင်း လုပ်ကိုင်ဆောင်ရွက်ပေးကြရန်နှင့် ယခင်လုပ်ဆောင်ထားသည့် ကမ်းပြိုကာကွယ် ရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပေးရေးတို့ကိုဆွေးနွေးခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

 

မော်လိုက်မြို့၌ ချင်းတွင်းမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၅၀) ဖြင့် လောင်းကောင်းကျေးရွာတွင် အလျားမီတာ(၃၀ဝ)ရှိ နှစ်တန်းသွား ထန်းလုံး ရေကာတစ်ခုနှင့် ညောင်ဝန်းကျေးရွာတွင် အလျားပေ(၁၂၀ဝ)ရှိ မျှောကရစ်ကွက်အခြေထိန်း တစ်ခုတို့ကို လည်းကောင်း၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၈၀) ဖြင့် ရိုးလာရေလမ်း ကောင်းမွန်ရေး အတွက် သောင်တူးဖော်ခြင်း လုပ်ငန်းနှင့်ကွန်ကရစ်ရေကာတာဟောင်းအား စွမ်းအားမြှင့်တင်ခြင်း လုပ်ငန်းတို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၂၅၀) ဖြင့် စွယ်တော် ရပ်ကွက်တွင် ဘိုးပိုင်အခြေပြုကျောက်စီမြေထိန်းနံရံတစ်ခုကိုလည်းကောင်း၊ ခါဝဲကျေးရွာတွင် ကျပ်သန်း (၁၀ဝ)ဖြင့် အလျားပေ(၃၀ဝ)ရှိ သံကူကွန်ကရစ် မြေထိန်းတမံတစ်ခုနှင့် ပန်းသာကျေးရွာတွင် ကျပ်သန်း (၁၅၀)ဖြင့် အလျားပေ(၇၀ဝ)ရှိ သံကူကွန်ကရစ်မြေထိန်းနံရံ တစ်ခု တို့ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် မော်လိုက်မြို့ ချင်းတွင်း မြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအတွက် ပြည်ထောင်စု (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၃၃၀)၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း (၅၀ဝ) စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၈၃၀)ဖြင့် ချင်းတွင်းမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မော်လိုက်သားလေး