မော်လိုက် ၁၇ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ တောင်သူများအနေဖြင့် မျိုးသန့်စပါးများ ပိုမိုတွင်ကျယ်စွာ စိုက်ပျိုးလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးသန့်စပါးများ ဖြန့်ဝေပေးလျက်ရှိရာ ယခင်နှစ်ကထက် ကျော်လွန်ပြီး မျိုးသန့်စပါးများ စိုက်ပျိုးနိုင်ခဲ့ကြောင်း စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက တောင်သူဦးမြင့်လွင်၏ မျိုးသန့်မျိုးစေ့ထုတ်စံပြကွက်တွင် ကျင်းပပြုလုပ်ခဲ့သည့် မျိုးသန့် စပါးများ စိုက်ပျိုးထားရှိမှုနှင့် ကွန်ပေါင်းဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ဌေးဌေးပြောကြားချက်အရ သိရသည်။
အဆိုပါ အခမ်းအနားသို့ မော်လိုက်မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဌေးဌေးက မျိုးသန့်မျိုးစေ့ထုတ် စံပြကွက် စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ကွန်ပေါင်းဓါတ်မြေသြဇာထောက်ပံ့ပေးမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် စိုက်ပျိုးရေးဝန်ထမ်းများက မျိုးသန့်မျိုးစေ့ထုတ်စပါး စိုက်ပျိုးထားရှိသည့် တောင်သူ ဦးမြင့်လွင် စပါးစိုက်ကွင်းအတွင်း စုပေါင်းသမန်းနိုးခြင်း၊ မြေသြဇာကြဲပက်ခြင်းနှင့် ပေါင်းမြက်နှိမ်နင်းခြင်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြရာ တက်ရောက်လာကြသည့် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မော်လိုက်မြို့နယ်တွင် မျိုးသန့်မျိုးစေ့ထုတ်စံပြကွက်အနေဖြင့် ယခင်နှစ်ကထက် ကျော်လွန်၍ ယခုနှစ်တွင် စုစုပေါင်း(၂၈၅)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မျိုးသန့်စပါးစိုက်ပျိုးခြင်းဖြင့် တောင်သူများအတွက် တစ်ဧကလျှင် တင်း(၁၀ဝ မှ ၁၂၀)အတွင်း ထွက်နိုင်သည့်အတွက် တောင်သူများအနေဖြင့် မျိုးသန့်စပါးများ ကို ပိုမိုစိုက်ပျိုးသွားကြရန် လိုအပ်ကြောင်းနှင့် ယခုလက်ရှိ မျိုးသန့်စပါးစိုက်ပျိုးနေကြသည့် တောင်သူများကလည်း ကျန်စိုက်ပျိုးတောင်သူများအတွက် မျိုးသန့်စပါးများကို ဖြန့်ဝေပေးနိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းနှင့် မော်လိုက်မြို့နယ်တွင် မျိုးသန့်စပါးအနေဖြင့် ဆင်းဧကရီ-၃၊ မှော်ဘီ-၂၊ ဧရာမင်း၊ ဆင်းသုခ စသည့် စပါးမျိုးစုစုပေါင်း(၄)မျိုးကို ဖြန့်ဝေပေးထားပြီး စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ဌေးဌေး ထံမှသိရသည်။
မော်လိုက်သားလေး


