မော်လိုက် ၁၆ ဖေဖေါ်ဝါရီ 
    

အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း၍ တီဘီရောဂါ ကွင်းဆင်းရှာဖွေရေးလုပ်ငန်းကို ဖေဖေါ်ဝါရီ ၁၆ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ မြို့တော်ခန်းမ၌ ကွင်းဆင်းရှာဖွေ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
    

အဆိုပါ တီဘီရောဂါရှာဖွေရေးအဖွဲ့ကို စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းတီဘီဆရာဝန်ကြီး ဒေါက်တာ မြတ်ကျော်သူ ဦးဆောင်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒေါက်တာ မျိုးမင်းစိုး၊ ဒေါက်တာ ကောင်းမြတ်နှင့် ဝန်ထမ်းများအဖွဲ့သည် မော်လိုက်မြို့နယ်တွင် ဖေဖေါ်ဝါရီ ၁၂ ရက်မှ ၁၆ ရက်ထိ တီဘီရောဂါ ကွင်းဆင်းရှာဖွေ စစ်ဆေးခြင်းများကို ပန်းသာကျေးရွာ၊ ကင်းတပ်ကျေးရွာ၊ ကြာအင်းကျေးရွာ၊ တောင်းအင်ကျေးရွာနှင့် မော်လိုက်မြို့ပေါ်တို့မှ  လူဦးရေ (၇၉၆)ဦးတို့အား ဓါတ်မှန်ရိုက်စစ်ဆေး၍ တီဘီရောဂါစမ်းသပ် ရှာဖွေစစ်ဆေးခဲ့ရာ ဆေးသောက်လူနာ (၃၀)ဦးတို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


ယင်းသို့ တီဘီရောဂါ ကွင်းဆင်းစစ်ဆေးရာတွင် တီဘီရောဂါရှာဖွေရေးအပြင် ပြင်ပလူနာဌာန အနေဖြင့်လည်း ဖွင့်လှစ်ခဲ့ပြီး အခြားသော ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် တီဘီရောဂါအကြောင်း သိကောင်းစရာများကိုလည်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


အဆိုပါ တီဘီရောဂါ ရှာဖွေစစ်ဆေးရာသို့ မော်လိုက်ခရိုင် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဇော်ဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ခေတ္တဥက္ကဋ္ဌ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ကေသီရွှေနှင့် အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များအား ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


မော်လိုက်သားလေး