မော်လိုက် အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်ရှိ မိချောင်းတွင်း၊ ယောစု၊ တပ်ကုန်းနှင့် မိုးကောင်း စသည့် ကျေးရွာများ အတွက် ၂၄ နာရီ လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရန် ဓာတ်အားလိုင်း တည်ဆောက်ခြင်းနှင့် ထရန်စဖော်မာ တပ်ဆင်ခြင်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်၍ ယခုလမှစတင်ကာ လျှပ်စစ်မီးများ ၂၄ နာရီ ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ(၄)ရွာအတွက် ၂၄ နာရီလျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် (၃၇၇ ဒသမ ၈၀၀) သန်းဖြင့် တင်ဒါအောင်မြင်သည့် မြတ်ဘုန်းသန့်စင်ကုမ္ပဏီမှ တာဝန်ယူကာ ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စတင်၍ ၉ ဒသမ ၄ မိုင်ရှိ ၁၁ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ခြင်း၊ ၂ ဒသမ ၁၃၉ မိုင်ရှိ ၀.၄ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်းနှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ(၂)လုံး၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ(၂)လုံး တပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလကုန်တွင် လုပ်ငန်းများရာခိုင်နှုန်းပြည့် ပြီးစီးခဲ့ပါကြောင်း၊ ယခု ဖြန့်ဖြူးပေးမည့် လျှပ်စစ်ဓာတ်အားလိုင်းများကို မော်လိုက်မြို့ရှိ 66/11 ကေဗွီ(10 MVA) ဓာတ်အားခွဲရုံမှ ဖြန့်ဖြူးပေးခြင်းဖြစ်ပြီး ယခုလမှစတင်၍ ကျေးရွာတွင်း လမ်းမီးများ စတင်အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ကျေးရွာလေးရွာမှ အိမ်ခြေစုစုပေါင်း (၅၃၁)စုအတွက် လျှပ်စစ်မီး အမြန်ဆုံးအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“ကျွန်တော်တို့ ကျေးရွာတွေမှာက လျှပ်စစ်မီးလင်းရေးအတွက်ကတော့ ဆိုလာကိုပဲ အများဆုံး ဝယ်သုံးကြရပါတယ်၊ အခု ၂၄ နာရီ လျှပ်စစ်မီးရလာပြီဆိုရင်တော့ အစစအရာရာ အဆင်ပြေ သွားပြီပေါ့၊ တချို့သူတွေဆိုရင် တွင်ခုံတွေ၊ ဝပ်ရှော့တွေ လုပ်ကိုင်ဖို့အထိပါ ရည်ရွယ်ထားကြကြောင်း၊ အရင်တုန်းကတော့ အခုလို ကိုယ့်ကျေးရွာမှာ ၂၄ နာရီ လျှပ်စစ်မီးရ လိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြောင်း၊ အခုလို ကိုယ့်ကျေးရွာမှာ ၂၄ နာရီလျှပ်စစ်မီး ရရှိတော့မယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာမိကြောင်း” မိုးကောင်းကျေးရွာနေ ဦးခင်မောင်ဦး ထံမှသိရသည်။
မော်လိုက်မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာတွင် ၂၄ နာရီ လျှပ်စစ်မီးများရရှိခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် များစွာ အထောက်အကူပြုနိုင်တော့မည်ဖြစ်ပြီး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မော်လိုက်သားလေး