မော်လမြိုင် ၂၆ ဇန်နဝါရီ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကမ်းနားလမ်းမှာ ဖွင့်လှစ်ထားသည့် Mawlamyine Strand Walking Street က ရေရှည်အောင်မြင်ဖို့ဆိုရင် စားသုံးသူတွေအပေါ် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ လိုအပ်သလို တာဝန်ရှိသူများမှ ဈေးသည်တွေရဲ့ လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ တိုင်းရင်းသား ရိုးရာအစား အစာများရောင်းချနေသည့် ဒို့ရိုးရာဆိုင်မှ ကိုအာကာစိုးက ပြောသည်။
“အဓိက Walking Street ကိုလာတဲ့ လူတွေရှိမှ၊ လာစားသုံးတဲ့သူတွေရှိမှ ကျွန်တော်တို့ကလည်း ရောင်းလို့ရမှာလေ၊ ဒီလိုရောင်းလို့ရအောင်လည်း အတတ်နိုင်ဆုံး စားသုံးမှုဝန်ဆောင်မှုတွေနဲ့ အစိုးရပိုင်းကလည်း အကောင်းဆုံး ဖြည့်တင်းပေးမှုအပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ကို အကောင်းဆုံးဖြည့်ဆည်းပေးမယ်၊ ကျွန်တော်တို့လည်း အကောင်းဆုံးရောင်းချပေးမယ်ဆိုရင် စားသုံးသူတွေလည်း အများဆုံးလာရောက်ကြမှာပါ။ ဒါကို စိတ်ဝင်စားကြတဲ့ အတွက်ပေါ့”ဟု ၎င်းက ပြောသည်။
Mawlamyine Strand Walking Street ကို လာရောက်လည်ပတ်ကြတဲ့သူတိုင်း ဝယ်ယူစားသုံးနိုင်တဲ့ ဈေးနှုန်းဖြင့် ရောင်းချပေးနေပါတယ်လို့ ၎င်းက ဆက်လက်ပြောသည်။
“ရိုးရာမပျက် Culture လည်းပါအောင်ပေါ့နော်၊ အဓိက ကချင်ရိုးရာနဲ့ ရှမ်းရိုးရာအစားအစာတွေကို ရောင်းချပေးတာပေါ့၊ ဈေးနှုန်းအနေနဲ့လည်း အတက်နိုင်ဆုံး အချိုသာဆုံးကို ရောင်းချပေးနေပါတယ်။ နိုင်ငံခြားသားတွေရော ပြည်တွင်းကလူတွေရော စားသုံးနိုင်အောင် ဈေးကို အတော်သင့်၊ အတန်သင့်လောက်ပဲ လုပ်ထားပါတယ်” ဟု ၎င်းက ပြောသည်။
ပြည်သူများ ညနေခင်းလမ်းလျှောက်အပန်းဖြေရင်း ဒေသထွက်တိုင်းရင်းသားရိုးရာ အစားအစာဆိုင်ခန်းများ၊ တရုတ်၊ ဂျပန်၊ ယိုးဒယားအစားအစာဆိုင်ခန်းများနှင့် ဒေသထုတ်လက်မှုပစ္စည်းများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်ခန်းများ အစရှိသည့် ဆိုင်ခန်းပေါင်း (၁၂၀)ခန့်ကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ပြည်သူများ တစ်နေကုန်ပင်ပန်းထားသမျှကို ညနေပိုင်းလမ်းလျှောက်ရင်း သဘာဝအလှအပ ရှုခင်းများကြည့်ရှုရင်းနှင့် တိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအကအလှများကို ခံစားနိုင်ရန်အတွက် Culture Show ကိုလည်း တစ်ပတ်မှာ သုံးရက်နဲ့ ကပြဖျော်ဖြေပေးသွားမည့်အပြင် အင်တာနက် ဝိုင်ဖိုင်ကိုလည်း အခမဲ့သုံးစွဲနိုင်ဖို့ တပ်ဆင်ပေးထားကြောင်း သိရသည်။
Mawlamyine Strand Walking Street မှာ စားစရာမျိုးစုံကို တစ်နေရာထဲမှာ အကုန်ရှိတဲ့အတွက် လာရောက်လည်ပတ်သူတွေအတွက် အဆင်ပြေပါတယ်လို့ မိသားစုအလိုက်လာရောက်လည်ပတ်သူ ကိုမျိုးကိုကိုက ဆိုသည်။
“ဒီမှာဆိုရင် အိမ်ကနေထွက်လာတာနဲ့ စားချင်တာ စားလို့ရတယ်ဗျာ၊ ကလေးတွေစားဖို့ဟာတွေလည်း ရှိတယ်၊ လူကြီးတွေစားဖို့ဟာတွေလည်း ရှိတယ်၊ တော်တော်လေးကို အဆင်ပြေတယ်။ ဒီဟာကို လုပ်ပေးတာ ရက်ပိုင်းအနေနဲ့ မဟုတ်ဘဲနဲ့ အမြဲတမ်း နေ့စဉ်ရက်ဆက်ရှိနေမယ်ဆိုလို့ရှိရင် ပိုပြီးတော့ ကောင်းပါတယ်။ အဲဒီတော့ ရေရှည်အနေနဲ့က အားလုံးဝိုင်းဝန်းကူညီပူးပေါင်းပြီးတော့ အဓိက စည်းကမ်းရှိမှပဲ ရေရှည်တည်တံ့မယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။
Mawlamyine Strand Walking Street ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်က မော်လမြိုင်မြို့ ကမ်းနားလမ်းမှာ ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပြီး လာမည့် မိုးရာသီမရောက်ခင်အချိန်ထိ ဖွင့်လှစ်ပေးထားမယ်လို့ သိရသည်။
ဒီမိုကရေစီအစိုးရလက်ထက်မှာ အများပြည်သူများ စိတ်အပန်းပြေစေရန်၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ Mawlamyine Strand Walking Street ကို ဖွင့်လှစ်ရခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတွေထံမှ သိရသည်။
ကိုဟိန်း(ပေါင်)