မော်လမြိုင် ၂၈  ဇူလိုင် 

 

မွန်ပြည်နယ်တွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြို့နယ်အချို့ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျှက်ရှိရာ လတ်တလောလမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသဖြင့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ဇူလိုင် ၃၀ ရက်(တန်လာနေ့) တွင် ရန်ကုန် - မော်လမြိုင်  တိုးချဲ့လေယာဉ်ခရီးစဉ်သစ်တစ်ကြောင်းနှင့် ဇူလိုင် ၃၁ ရက် (အဂ်ါနေ့) တွင် နှစ်ကြောင်း ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ရုံးခွဲမှ သိရသည်။

 

ယခင်က မော်လမြိုင် ရန်ကုန် လေကြောင်းခရီးစဉ်မှာ တန်လာနေ့တိုင်း တစ်ကြောင်းပုံမှန်ရှိသော်လည်း ပြတ်တောက်နေသည့် ဆက်သွယ်ရေးလမ်းကြောင်းအခြေအနေအရ ပြည်နယ်အစိုးရထံမှ လေကြောင်းခရီးစဉ်များထပ်တိုးပေးရန် တောင်းဆိုလာသဖြင့် စီစဉ်ပေးခြင်းဖြစ်သည်ဟု အဆိုပါရုံးမှ တာ၀န်ရှိသူတစ်ဦးကပြောသည်။လတ်တလောအခြေအနေအရ ဘီးလင်းမြို့နယ်ရှိ ရန်ကုန်မော်လမြိုင်အေ၀းပြေးလမ်း မြစ်ရေကျော်တက်မှုဆက်လက်ဖြစ်ပေါ်နေပြီး မော်တော်ယာဉ်ကြီး/ ယာဉ်ငယ်များ သွားလာမှုကို ဇူလိုင် ၂၈ ရက်မှ နောက်ထပ် ၂ ရက် ထိ ဆက်လက် ပိတ်ထားရအုံးမည်ဖြစ်ကြောင်း သိရသည်။

 

ရထားခရီးစဉ်အနေဖြင့် နှင်းပုလဲနှင့် ဒုံး၀န်းကြားတွင် ရေကျော်မှုများကြောင့် ရထားခရီးစဉ်များကို ယာယီပိတ်ထားသဖြင့် လမ်းပိုင်းအခြေအနေပြတ်တောက်လျှက်ရှိပြီး ဇူလိုင် ၂၈ ရက် မနက်ခင်းတွင် ရေအနည်းငယ်လျော့ကျသွားသော်လည်း ရေစီးသန်နေဆဲဖြစ်ကြောင်း  ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး၀န်ကြီး ဦးထွန်းဌေးကဆိုသည်။ လေယာဉ်တစ်ကြောင်းတွင် လူဦးရေ ၇၀ ကျော်လိုက်ပါစီးနင်းနိုင်ပြီး ၂ ကြောင်းစာအတွက် ထိုင်ခုံ ၁၄၀ ကျော်ကို ဇူလိုင် ၂၈ ရက် နေ့လည် ၂ နာရီက တန်လာနေ့ အတွက်အားလုံးရောင်းချပြီးဖြစ်ကာ အဂ်ါနေ့ ၂ ကြောင်းစာအတွက် လက်မှတ်များ ဆက်လက်ရောင်းချပေးနေဆဲဖြစ်သည်။

 

လိုက်ပါလိုသော ခရီးသည်များအနေဖြင့် မှတ်ပုံတင်ယူဆောင်လာပြီး မော်လမြိုင်မြို့ သစ်တောရုံးလမ်း၊ မောရ၀တီပန်းခြံအနီးရှိ မြန်မာအမျိုးသားလေကြောင်းရုံးသို့  လာရောက်၀ယ်ယူနိုင်ပြီး ရန်ကုန်မော်လမြိုင် ခရီးစဉ်အတွက် ဖုန်းနံပါတ် ၀၉၅၁၂၀၀၈၅ သို့ဆက်သွယ်၍လည်းကောင်း မော်လမြိုင် ရန်ကုန် ခရီးစဉ်အတွက် ဖုန်းနံပါတ် ၀၉၈၇၁၈၂၂၀ သို့လည်းကောင်း ဆက်သွယ်စုံးစမ်းနိုင်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးpage တွင် ဖော်ပြထားသည်။

 

မြတ်မွန်ထွေး(မြန်မာ့အလင်း)