မုဒုံ ၃၀ ဇန်နဝါရီ
မော်လမြိုင်-သံဖြူဇရပ် 66 KV ဓာတ်အားလိုင်း တည်ဆောက်ခြင်းကြောင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော နှစ်ရှည်ပင်၊ သီးနှံပင်များအတွက် တောင်သူတစ်ဦးချင်းစီသို့ လျော်ကြေးငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း မုဒုံပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် စီမံကိန်းနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန (တောင်ပိုင်း)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင့်ဇော်ဦးက မော်လမြိုင်-သံဖြူဇရပ် 66 KV ဓာတ်အားလိုင်း တည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော နှစ်ရှည်ပင်၊ သီးနှံပင်များအတွက် တောင်သူတစ်ဦးချင်းစီသို့ ဒုတိယအကြိမ် လျော်ကြေးငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မုဒုံမြို့နယ်အတွင်းရှိ လျော်ကြေးငွေရရှိသူ တောင်သူ ၄၂ ဦးအား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးရဲဇာနည်၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့ဝင် ဦးငြိမ်းချမ်းကျော်၊ စီမံကိန်းနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင့်ဇော်ဦးနှင့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းဦးတို့က လျော်ကြေးငွေ စုစုပေါင်း ငွေကျပ် ၄၃၆၄၂၀၅၀ ကျပ်ကို အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
MDN
