မော်လမြိုင် ၂၇ ဒီဇင်ဘာ
ကျေးလက်ဒေသများရှိ လူငယ်များ ကိုယ်ပိုင်အသက်မွေးမှု အတတ်ပညာများဖြင့် မိသားစု ဝင်ငွေရရှိစေမည့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၅၃ ဒသမ ၈)သန်းဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်းရှိ ကျေးရွာများသို့ သင်တန်း(၂၄)ကြိမ် ကျေးလက်ဒေသအရောက် အိုးမကွာအိမ်မကွာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဉီးအေးနိုင်က ပြောကြားသည်။

ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှော့ချရေး၊ ဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးအသိပညာပေး၊ အခြေခံစက်ချုပ်၊ အဆင့်မြင့်စက်ချုပ်၊ ဆိုင်ကယ်ပြင်သင်တန်းများကိုလည်း မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ရှိ မြို့နယ် ၆ မြို့နယ်အတွင်းရှိ ကျေးရွာများအရောက် လိုက်လံသင်ကြားပို့ချပေးခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

မော်လမြိုင်ခရိုင်တွင် မြို့နယ် ၆ မြို့နယ်အတွင်းရှိ ကျေးရွာများ၌ အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့်အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး၊ မိသားစုတစ်ပိုင်တစ်နိုင် အလုပ်အကိုင်များရရှိစေပြီး ဝင်ငွေတိုးပွားစေရန်အတွက်လည်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ(၇)ရွာ (၇ ယူနစ်)ကို ငွေကျပ်(၂၁)သန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများကိုလည်း ပါဝင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသများနှင့် မြို့ပြကွာဟမှုမရှိစေရန် ကျေးလက်ဒေသရှိ ကျေးရွာများတွင် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော သောက်သုံးရေရရှိစေရေးအတွက်လည်း ခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၁၉)ရွာ၌ ရေပေးရေလုပ်ငန်း (၁၉)ခုအတွက် ငွေကျပ် (၁၀၇ ဒသမ ၇၈)သန်းအား (မွမ်းမံ၊ ယူနီဆက်၊ နိုင်ငံတော်အစိုးရ) ထောက်ပံ့ရန်ပုံငွေဖြင့် လည်းကောင်း၊ ကျေးရွာနေပြည်သူများ နွေရာသီ ကာလများတွင် ရေအခက်အခဲမဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ပေးမည်ဟု သိရသည်။

"ဌာနအနေနဲ့က ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ခရိုင်အတွင်းက ကျေးရွာပေါင်း (၇၈)ရွာမှာ စုစုပေါင်းငွေကျပ် သန်း (၇၈၀)နဲ့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ကျေးရွာလူထုရဲ့ အဓိက လိုအပ်နေတဲ့ လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးဖို့ရှိပါတယ်။ ကျေးရွာက ထုတ်ကုန်တွေကို အချိန်တိုအတွင်း ဈေးကွက်ရောက်ဖို့အတွက်လည်း ကျေးရွာ(၇)ရွာမှာ ကျေးရွာကုန်းလမ်းအနေနဲ့ မြေသား၊ ဂဝံလမ်း စုစုပေါင်း (၃/ ၇ ဒသမ ဝ၄၇)မိုင်ကို ငွေကျပ် (၂၃၉ ဒသမ ဝ၂)သန်း အကုန်ကျခံဆောင်ရွက်သွားမယ်။ ဒါ့အပြင် ကျေးရွာကုန်ထုတ်တံတား (၃)စင်း၊ Box culvert (၁၀)စင်းကိုလည်း ငွေကျပ်(၁၂၂ ဒသမ ၈၂၅)သန်းဖြင့် ကျေးရွာ ၆ ရွာကို ဆောင်ရွက်ပေးသွားပါမယ်" ဟု ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဉီးအေးနိုင်ကဆို သည်။

မြင့်ဉီး(မြိတ်)
