မော်လမြိုင် ၂၃ ဇန်နဝါရီ
ကျေးလက်နေပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိအကျိုးပြုနိုင်စေရန်နှင့် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်းဖြင့် ကျေးရွာထွက် ထုတ်ကုန်သီးနှံများ သယ်ယူပို့ဆောင်ရာတွင် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်ရည်ရွယ်၍ ၂၀၁၉ - ၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၉၇၂ ဒသမ ၇၅၀)သန်းဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်မှ ကျေးရွာပေါင်း (၃၄)ရွာတွင် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မော်လမြိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးနိုင်၏ ပြောကြားချက်အရ သိရသည်။
မော်လမြိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်အတွင်းရှိ မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ မုဒုံ၊ ရေးမြို့နယ်တို့မှ ကျေးရွာပေါင်း (၃၄)ရွာတို့တွင်၂၀၁၉ - ၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ စုစုပေါင်း (၉၇၂ ဒသမ ၇၅၀)သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်းအဖြစ် မြေသားလမ်းအရှည် (၁/ ဝ)မိုင်၊ ဂဝံလမ်း (ဝ/ ၇ ဒသမ ၇၉)မိုင်၊ မြေသား/ ဂျင်းလမ်း (၃ / ၇ ဒသမ ၂၅၇)မိုင်၊ ကွန်ကရစ်တံတား (၂)စင်း၊ Box Culvert (၄)စင်း၊ ရေပြွန်တံတား (၆)စင်းတို့ကို ခွင့်ပြုငွေကျပ် (၃၂၉ ဒသမ ၇၀၅) သန်းဖြင့်လည်းကောင်း၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် ရေပေးရေးလုပ်ငန်းများအဖြစ် တွင်းနက် (၁၂)တွင်း၊ လက်တူးတွင်း (၁)တွင်း၊ မြေသားရေကန် (၁)ကန်၊ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း (၉)ခုနှင့် အခြားလုပ်ငန်း (၁၂)ခုတို့ကို ခွင့်ပြုရန်ပုံငွေကျပ် (၆၄၃ ဒသမ ဝ၄၅)သန်း စုစုပေါင်းငွေကျပ် (၉၇၂ ဒသမ ၇၅၀) သန်းဖြင့်လည်းကောင်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီး မိုးမကျမီ လုပ်ငန်းများအားလုံး အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာကုန်ထုတ်လမ်းများအဖြစ် မြေသားလမ်း (၂/ ဝ ဒသမ ၇၆၃)မိုင်၊ ဂဝံလမ်း (ဝ/ ၅ ဒသမ ၆)မိုင်၊ မြေသား/ဂျင်းလမ်း (၁/၃ ဒသမ ၇) မိုင်နှင့် တံတားများအဖြစ် ကွန်ကရစ်တံတား (၂)စင်း၊ Box Culvert (၅)စင်းတို့အား ခွင့်ပြုငွေကျပ် (၂၀၅ ဒသမ ၃)သန်းနှင့် ကျေးလက်ရေပေးရေး လုပ်ငန်းများအဖြစ် တွင်းတိမ် (၁)တွင်း၊ တွင်းနက် (၁၀)တွင်း၊ လက်တူးတွင်း (၁)တွင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း (၇)ခု၊ အခြား(၁၄)ခုတို့အား ငွေကျပ် (၅၁၁ ဒသမ ဝ၃) သန်း စုစုပေါင်းငွေကျပ် (၇၁၆ ဒသမ ၃၃)သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သောကြောင့် ခရိုင်အတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ ကျေးရွာပေါင်း (၂၀)ရွာ၊ အိမ်ခြေ (၅၁၁၈)၊ လူဦးရေ (၂၈၇၈၀)ဦးတို့အား အကျိုးကျေးဇူးများ ရရှိခံစားနေကြပြီဖြစ်ကြောင်း သိရသည်။
ယခု ၂၀၁၉ -၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင်လည်း ကျေးရွာပေါင်း (၃၄)ရွာတို့မှ အိမ်ခြေ (၁၀၅၇၈)၊ လူဦးရေ (၆၃၉၅၃)တို့အား သောက်သုံးရေဖူလုံနိုင်ရေးနှင့် ကျေးလက်ဒေသများ၌ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်းဖြင့်လည်း ကျေးရွာများမှ ထုတ်ကုန်သီးနှံများကို ဈေးကွက်အတွင်းသို့ အချိန်ကုန်သက်သာစွာ သယ်ယူပို့ဆောင်မှု လွယ်ကူလျင်မြန်စွာ သွားလာနိုင်စေရန် စသည့်အကျိုးကျေးဇူးများ ရရှိစေရန်အတွက် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မော်လမြိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြင့်ဦး(မြိတ်)