မော်လမြိုင်  ၁၇ ဇန်နဝါရီ       

  

မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့တွင် (Culture Show)ယဉ်ကျေးမှုဖျော်ဖြေရေးများ ပါဝင်သော Mawlamyine Strand Walking Street (မော်လမြိုင်ကမ်းနားလျှောက်လမ်း)ကို  ဇန်နဝါရီ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ကမ်းနားလမ်း၌ စည်းကာသိုက်မြိုက်စွာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

9

 

Mawlamyine Strand Walking Street မော်လမြိုင်ကမ်းနားလျှောက်လမ်း ဖွင့်ပွဲအခမ်းအနားတွင် မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားများ၏ ယဉ်ကျေးမှု အကအလှများအပြင် အခြားသောအကများ၊ တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး မော်လမြိုင်မြို့သို့ ရောက်ရှိနေသည့် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည့်များမှ တစ်နေရာတည်းတွင် လွယ်ကူစွာဝယ်ယူ သုံးဆောင်နိုင်စေရန်အတွက် ဒေသထွက် တိုင်းရင်းသားရိုးရာ အစားအစာများ၊ အဝတ်အထည်များ၊ အမှတ်တရပစ္စည်းများ၊ မုန့်ပဲ သရေစာများနှင့် ဒေသထွက်သီးနှံများကို ဆိုင်ခန်းပေါင်း(၁၀၀)ကျော်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

 

6

 

အဆိုပါ (Mawlamyine Strand Walking Street) မော်လမြိုင်ကမ်းနားလျှောက်လမ်းကို လာရောက်လည်ပတ်သူများ အဆင်ပြေစေရန်အတွက် ကား၊ ဆိုင်ကယ်များ ရပ်နားရန်နေရာများ ထားရှိပြီး လာရောက်လည်ပတ်သူများ စားသုံးပြီးသော အမှိုက်များကို သံလွင်မြစ်အတွင်းနှင့် လမ်းပေါ်သို့ ပစ်ချ ခြင်းများ မပြုလုပ်နိုင်ရေးအတွက် အမှိုက်ပုံးများကို စည်ပင်သာယာရေးအဖွဲ့မှ ချထားပေးမည်ဖြစ်သည်။ ညနေ နေဝင်ချိန်အလှကြည့်ခြင်းနှင့် အပန်းဖြေအနားယူခြင်းများတို့အတွက် ထိုင်ခုံများကိုလည်း စနစ်တကျ ချထားပေးပြီး သံလွင်မြစ်၏ အလှနှင့် ကမ်းနားလမ်း သာယာလှပမှုတို့ကို ကြည့်ရှုနိုင်ရန်အတွက် မြင်းလှည်းများကိုလည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

 

8

 

ဝေလင်း(ပြန်/ဆက်)