မော်လမြိုင်ကျွန်း ၂၂ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ အ-ထ-က (၁)တွင် ကျင်းပသည့် ကလေးစာပေပွဲတော် ဒုတိယနေ့၌ စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ၌ လာရောက် ဝယ်ယူ ဖတ်ရှုလေ့လာသူများဖြင့် စည်ကားလျက်ရှိပြီး စာအုပ်အရောင်ဆိုင် အချို့စာအုပ်စာစောင်များ ပြတ်လပ်သည်အထိ ရောင်းချခဲ့ရကြောင်း သိရသည်။
" ဒီနှစ်ကျင်းပပြီးခဲ့တဲ့ မြို့တွေထက် ပိုရောင်းရတယ်၊ ဘာသာရေး၊ အသိအလိမ္မာ ပညာပေး စာအုပ်တွေ ဝယ်ကြတယ်၊ သုတ ရသ စာအုပ်တွေလည်း ရောင်းရတယ်၊ ပါလာတဲ့စာအုပ်တွေ အကုန်နီးပါး ရောင်းရပါတယ် "ဟု ကလေးစာပေပွဲတော်များတွင် လိုက်ပါလျက် စာအုပ်ရောင်းသူ တစ်ဦးက ပြောသည်။
စာအုပ်ဈေးရောင်းပွဲတော်တွင် ကလေးဖတ် ကာတွန်း၊ ပုံပြင်၊ ဗုဒ္ဓဝင်ရုပ်ပြ၊ ဉာဏ်စမ်းပဟေဠိ နှင့် လူကြီးဖတ် သုတစာပေ၊ ရသစာပေ၊ ရှားပါးစာပေများကို တစ်နေရာထဲတွင် ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်သောကြောင့် စာအုပ်အရောင်းဆိုင်များမှ စုပေါင်း၍ လာရောက် ရောင်းချခြင်းဖြစ်ပြီး စာပေဝါသနာရှင် လူကြီး၊ လူငယ်၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများမှ မိမိတို့ကြိုက်နှစ်သက်သော စာအုပ်များကို ဖတ်ရှု့လေ့လာ ဝယ်ယူကြကြောင်း သိရသည်။ အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ လာရောက်ဝယ်ယူ ဖတ်ရှု့လေ့လာကြပြီး အထူးစည်ကားလျှက်ရှိကြောင်း သိရသည်။
"ကျွန်မတို့က ပျားမွတ်လျော်ချောင်းကလာတာပါ၊ စာအုပ်ဈေးပွဲတော်က စာအုပ်အမျိုးပေါင်း စုံလင်လို့ ဝယ်ရတာ အားမရနိုင်ဘူး၊ စာအုပ်တွေလည်း ဈေးချိုချိုနဲ့ ရရှိလို့ ကလေးတွေလည်း ဝယ်ယူကြပါတယ်" ဟု ပျားမွတ်လျော်ချောင်း- အထက ကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။
အောင်မင်း (ခရိုင်ပြန်ဆက်)