မော်လမြိုင်ကျွန်း ၁၃ ဇူလိုင်
မော်လမြိုင်ကျွန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် Grade – 10 စနစ်သစ်အတန်းနှင့် တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းအတန်းများကို ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ် သွားမည် ဖြစ်ရာ ကျောင်းအပ်နှံရေးရက်သတ္တပတ်အစီအစဉ်ဖြင့် ယနေ့မှစ၍ ဇူလိုင် ၁၇ ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။
ကိုဗစ်ကာလအတွင်း ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံအဆင့် ကျောင်းများအားလုံး ပိုးသတ်ဆေး ဖျန်းခြင်း၊ ကျောင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ကျောင်းခန်းအတွင်း ပြင်ဆင်မှုများ ဆောင်ရွက်ခြင်း၊ လက်ဆေးဘေစင်များ စီစဉ်ထားရှိပေးခြင်း၊ Social Distancing အစီအစဉ်များ စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိဘများနှင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် Mask များတပ်ဆင်ပြီးမှဝင်ရောက်ရန်၊ ကျောင်းအတွင်း ထားရှိပေးသော ဘေစင်များတွင် စနစ်တကျ လက်ဆေးရန်၊ ကျောင်းမှစီစဉ်ထားရှိသော တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေရာတွင် ၁၀ ယောက် တစ်ဖြတ်စီ ဝင်ရောက်တန်းစီ၍ ကျောင်းအပ်နှံခြင်းဆောင်ရွက်နိုင်ရန်စီစဉ်ထားရှိကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)


