မော်လမြိုင်ကျွန်း ၂၀ ဖေဖော်ဝါရီ
“စားသုံးသူကာကွယ်ဖို့ အားလုံးပူးပေါင်းပါဝင်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဈေးဆိုင်များတွင် အသိပညာပေးခြင်းနှင့် ကုန်ပစ္စည်းများ စစ်ဆေးခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၁ နာရီက လှည့်လည်စစ်ဆေးကြသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အတွင်း အောင်သာယာဈေးနှင့် ဆိပ်ကမ်းသာဈေးများအတွင်းရှိ မုန့်မျိုးစုံဆိုင်၊ ကုန်စုံဆိုင်၊ အချိုရည်ရောင်းချသည့်ဆိုင်များတွင် မြန်မာနိုင်ငံ စားသုံးသူကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ ရောင်းချလျက်ရှိသော မုန့်ဆိုင်နှင့် ကုန်စုံဆိုင်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားရှိရမည်ဖြစ်ကြောင်း၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစားအရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များ ပါရှိ/မရှိ စစ်ဆေးရန်လိုအပ်ကြောင်း အအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကုန်ပစ္စည်းများ ကွင်းဆင်းစိစစ် စစ်ဆေးခဲ့သည်။
အဆိုပါ စားသုံးသူကာကွယ်ရေး စစ်ဆေးမှုတွင် မုန့်ဆိုင်နှင့် ကုန်စုံဆိုင် (၂၇)ဆိုင်အား ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
အောင်အောင်(ပြန်/ဆက်)