မော်လမြိုင်ကျွန်း ၂၉ ဇွန်
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အောက်မအူတုံး ကျေးရွာနေ ပြည်သူများအား "COVID-19 ကာကွယ်ရေး၊ ငါးရိက္ခာများစားသုံးပေး"ခေါင်စဉ်ဖြင့် ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်နှင်းရည်စိုးမှ ငါးစားသုံးခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများနှင့် COVID-19 ကာလအတွင်း မိမိတို့နေအိမ်တွင် နေထိုင်ကြသူများအနေဖြင့် အာဟာရဓာတ် မျှတစွာရရှိရေး ဂရုပြုစားသောက်ရမည်ဖြစ်ပြီး ငါးစားသုံးခြင်းသည် ဗီတာမင်ဒီနှင့်ဇင့်ဓါတ်ကို ရရှိသဖြင့် ရောဂါပိုးများ ခုခံကာကွယ်ရန် ကိုယ်ခံစွမ်းအား ကောင်းမွန်စေရေးအတွက် အထောက်အပံ့ဖြစ်ကြောင်း ငါးရစ်ငါးသန်ကာလအတွင်း ငါးဖမ်းဆီးမှုမရှိစေရေး၊ ငါးသယဇာတ ထိန်းသိမ်းတတ်စေရေး ဆွေးနွေးပြောကြားပြီး COVID-19 ကာကွယ်ရေး၊ ငါးရိက္ခာများ စားသုံးပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေပေးသည်။
ငါးရစ်ငါးသန်ကာလ ငါးမဖမ်းဆီးရေးသတိပေးတားမြစ်ချက် ဆိုင်းဘုတ်ကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများမှ စုပေါင်းစိုက်ထူကြကြောင်း သိရသည်။
(သတင်းစဉ်)


