မော်လမြိုင်ကျွန်း ဩဂုတ် ၁၇

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်(၁၉) ရောဂါပိုးတွေ့လူနာ (၆) ဦးထပ်မံစစ်‌ဆေးတွေ့ရှိပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရှိသူ(၃၈၂) ဦး ရှိပြီဖြစ်ကာ ကုသဆဲလူနာ (၉၁) ဦးသာကျန်ရှိတော့ ကြောင်းယနေ့နံနက် ကျန်းမာရေးဦးစီးဌာနမှသိရှိရသည်။ 

မြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာ (၅၅၉)ဦး ရှိပြီး ယနေ့အချိန်အထိ‌သေဆုံးသူစုစုပေါင်း (၈၆)ဦး ရှိပြီဖြစ်သည်။ သေဆုံးသူများမှာအသက်အရွယ် ကြီးရင့်သူများနှင့် ရောဂါအခံရှိသူများ အသက်ရှူကြပ်၍ သေဆုံးခြင်းဖြစ်သည်။ အဆိုပါကျန်ရှိနေသည့်ကုသဆဲလူနာ (၉၁)ဦး အားမြို့နယ် ကုတင်(၁၀၀) ဆေးရုံကြီး၊ ကုတင်(၅၀)ဆေးရုံနှင့် (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံတို့တွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးထားကြောင်းသိရှိရသည်။

မြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် မလိုအပ်ပါက အပြင်မထွက်ရန်၊ မဖြစ်မနေအပြင်ထွက်ပါက mask ကို စနစ်တကျတပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာသွားလာနေထိုင်ခြင်း၊ လက်ကိုမကြာခဏဆေး‌ကြောခြင်းများ ဆောင်ရွက်ရန်၊ နေမကောင်းပါကဆေးရုံ ဆေးခန်းမသွားပဲ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းကုသနိုင်ရေးစီစဉ် ဆောင်ရွက်ထားရှိမှုအားလိုက်နာဆောင်ရွက်ရန်၊ မြို့မစျေးနှင့်အိမ်ဆိုင်များ၊ စားသောက်ဆိုင်များအားလုံး နေ့စဉ် နေ့လယ် ၁၂နာရီအချိန်ထိသာရောင်းချ ခွင့်ပြုထားခြင်းတို့အား မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က နေ့စဉ် နှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။

အောင်အောင် (ပြန်/ဆက်)