မော်လမြိုင်ကျွန်း ၉ ဇူလိုင်

 

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူများ ကိုဗစ်ကာလအတွင်း စီးပွားရေးအပေါ်ထိခိုက်မှုသက်သာစေရေးစီမံချက်အရ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် (CERP)  COVID  Economic  Relief  Plan သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ  ၉ ရက်နေ့၊  နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပဆောင်ရွက်သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းက မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ မွေးမြူထားသည့် တိရစ္ဆာန်များ အသေအပျောက် ပျက်စီးဆုံးရှုံးမှုနည်းပါးစေရေး၊ ရာသီဥတု အကူးအပြောင်းကာလတွင် ဖြစ်ပေါ်နေသော ဝက်ဝမ်းကျရောဂါ(ဝက်နာ) များသည် မြို့နယ်တွင်ဖြစ်ပွားခြင်းမရှိဘဲ ကာကွယ်ဆေးများ ထိုးနှံထားပြီး ဝက်သားစားသုံးခြင်းဖြင့် လူသို့ကူးစက်နိုင်ခြင်းမရှိပါကြောင်း၊ ယခုမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများသည် ခြံများဖြင့် စနစ်တကျမွေးမြူစေရေးနှင့် ကာကွယ်ဆေးပုံမှန်ထိုးနိုင်အောင် ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုကြောင်း၊  ကာကွယ်ဆေးထိုးနှံရေး အသိပညာများရရှိအောင် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းတွင် နွားမေထုန်မဲ့သားစပ်နည်းသင်တန်း၊ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု သင်တန်း၊  ကျွဲ / နွားမွေးမြူရေးသင်တန်း၊ သိုး/ ဆိတ်မွေးမြူရေးသင်တန်း၊  ဝက်မွေးမြူရေးသင်တန်းနှင့် ကြက်မွေးမြူရေးသင်တန်းစသည်ဖြင့် ပညာရပ်(၆) မျိုးအား မြို့နယ်အတွင်းရှိ ကျေးရွာ ၂၄ ရွာမှ သင်တန်း သားသင်တန်းသူ ၄၈၀  အား စက်တင်ဘာလ ၁၅ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

 

ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊   မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊  မြို့နယ်မွေးမြူရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်  ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူ ၂၀ ဦးတက်ရောက်ကြကြောင်း သိရသည်။

 

အောင်အောင်(ပြန်/ဆက်)

 

mdn