မော်လမြိုင်ကျွန်း၊ မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေမှု အခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေး ကြေညာခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက မြို့တွင်းလမ်းတစ်လျှောက် လူစည်ကားရာနေရာများ၊ ဈေးများ၊ သင်္ဘောဆိပ်၊ ကူတို့ဆိပ်များတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးမှူး ဦးမျိုးဇော်နှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍ မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များအား Hand Speaker ဖြင့် လှည့်လည်ကြေညာခဲ့ပြီး မုန်တိုင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)


